ငါးကြင်းနှင့် သစ်တိုသီး

ငါးကြင်းနှင့် သစ်တိုသီး

          ငါးကြင်းနဲ့ချက်စားလို့ရသလို တခြားငါးနဲ့လည်း ချက်နိုင်ပါတယ်။ သစ်တိုသီးက ချဉ်ပြုံးပြုံးအရသာရှိတာမို့ ငါးပိချက်တို့၊ ငါးတို့နဲ့ ချက်စားရင် အလွန်အရသာရှိပါတယ်။ ဝက်သားကလည်း အသားထဲမှာ အီတတ်၊ ဆိမ့်တတ်တာမို့ သစ်တိုသီးအချဉ်လေးနဲ့ တွဲချက်စားရင်လည်း အရမ်းအရသာရှိပါတယ်။ ချဉ်ရည်လို အရည်သောက်အနေနဲ့လည်း ချက်ကြတာမို့ မျိုးစုံလုပ်စားလို့ ရပါတယ်။ အခုကတော့ ငါးနဲ့ချက်ပြမှာပါ။

   ပါဝင်ပစ္စည်းများ

♦   ငါးကြင်းဖြူ   –   ၃၅ ကျပ်သား

♦   သစ်တိုသီး   –   ၃ လုံး

♦   ဗီနီကာ (သို့) ဆား   –   အနည်းငယ်

♦   စပါးလင်   –   ၁ ချောင်း

♦   ချင်း   –   လက်တစ်ဆစ်

♦   ကြက်သွန်နီ   –   အရွယ်တော် ၂ လုံး

♦   ကြက်သွန်ဖြူ   –   ၃ မြွှာ

♦   အရောင်တင်မှုန့်   –   အချိုဇွန်း ၂ ဇွန်း

♦   ငါးအသားမှုန့်   –   အချိုဇွန်း ၁ ဇွန်း

♦   ငံပြာရည်   –   အချိုဇွန်း ၂ ဇွန်း

♦   မျှင်ငါးပိ   –   အချိုဇွန်း ၁ ဇွန်း

♦   ငရုတ်သီးစိမ်း   –   ၆ တောင့်ခန့်

♦   နနွင်း   –   အနည်းငယ်

♦   ဆား   –   အနည်းငယ်

   ပြုလုပ်နည်းအဆင့်ဆင့်

          ငါးများကို နနွင်း၊ ဆား၊ ချင်းထောင်းထားတာလေးတွေနဲ့ နယ်ထားပါ။ ဒီနေရာမှာ ပြောစရာလေးတစ်ခု ရှိပါတယ်။ ဘယ်ငါးကိုမဆို ဆားကြာကြာနယ်ထားရင် မာသွားတတ်ပါတယ်။ အသားဟာ နူးညံ့မနေတော့ဘဲ ခပ်ထုပ်ထုပ် ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ငါးကိုနယ်ပြီး အကြာကြီးပစ်မထားသင့်ပါဘူး။

          သစ်တိုသီးလေးတွေကို အခွံခွာပြီး အစေ့ထုတ် လှီးဖြတ်ထားလိုက်ပါ။ ရေခွက်ထဲမှာ ဗီနီကာ (သို့) ဆားထည့်ပြီး သစ်တိုသီးစိမ်ထားပေးပါ။ သစ်တိုသီး အရောင်မပြောင်းစေရန်အပြင် ခပ်ရှရှအရသာပါ ပျောက်သွားစေပါတယ်။ သစ်တိုသီးမှာ ချဉ်ချဉ်လေးအပြင် သိပ်မပြင်းတဲ့ ခပ်သက်သက် အရသာပါရှိနေတာမို့ မကြိုက်တတ်ရင် တစ်ရေဖျောနိုင်ပါတယ်။ (ရေနွေးပူပူနဲ့) ပြီးမှ ညှစ်ပြီး ဆယ်ထားပါ။

          ကြက်သွန်နီ/ဖြူ ငါးအသားမှုန့်၊ ချင်းတို့ကို ညက်အောင်ရော ထောင်းထားပါ။ ထုံးစံအတိုင်း အရောင်တင်မှုန့်၊ ဆား၊ စပါးလင် ထုထောင်းပြီး ထုံးထားတာတွေနဲ့ ဆီသတ်လိုက်ပါ။ ကြက်သွန်ကြွပ်လာလျှင် ငါးပိပါရောကြော်လိုက်ပါ။ ငါးနယ်ထားတာတွေ ရောထည့်လိုက်ပြီး အနည်းငယ် ခပ်ဖွဖွမွှေပေးပါ။ ငံပြာရည်နဲ့ ရေအနည်းငယ်ထည့်ပြီး သစ်တိုသီးပါ ထည့်ပါတယ်။ အဖုံးအုပ်ပေးထားပါ။ ငါးကို ခပ်ဖွဖွ တစ်ဖက်လှန်ပေးပြီး တစ်ဖန်အဖုံးအုပ်ပါ။ ငရုတ်သီးစိမ်းအုပ်ပေးပါ။ ငါးရော သစ်တိုသီးရော ကျက်ရင်ရပါပြီ။

          ငါးပိတွေ၊ ငံပြာရည်တွေ များလိုက်တာလို့ မထင်ပါနဲ့ရှင်။ သစ်တိုသီးအချဉ် ဓာတ်ကြောင့် လိုတယ်ထင်ရင်တောင် ထင်နိုင်တာမို့ အပေါ့အငန်ကို မိမိလိုသလောက် ပြင်နိုင်ပါတယ်နော်။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments