ငါးခြောက်ရိုး ခရမ်းသီးနှပ်

by Myint Oo Tha for Food Magazine

          ခရမ်းသီးကို ပုစွန်ခြောက် ဒါမှမဟုတ် ဝက်သားနဲ့ ရောပြီး နှပ်ကြပါတယ်။ကျွန်တော်ကတော့ ပုစွန်ခြောက်နဲ့နှပ်တာရော ဝက်သားနဲ့နှပ်တာပါ ကြိုက်တယ်။ ပြီးတော့ ဒီလို ငါးခြောက်ရိုးနဲ့ နှပ်တာကိုလည်း ကြိုက်ပြန်ရော။ ကျွန်တော်တို့အိမ်မှာ ငါးခြောက်ဟင်း ချက်ပြီဆိုလျှင်၊ ငါးခြောက်အကောင်ကို ခုတ်ပြီဆိုလျှင် အရိုးတွေကို သီးသန့်သိမ်းထားပြီး ဒီလို ဟင်းလေးတွေ ချက်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ ဈေးမှာ ငါးခြောက်ရိုး ကို သီးသန့်ဝယ်လို့ ရနေပါပြီ။

ပါဝင်ပစ္စည်းများ

ခရမ်းသီး  –  ၄၅၀ ဂရမ် (လှီးပြီး ရေစိမ်ထားပါ)

ငါးခြောက်ရိုး  –  ၁၆၀ ဂရမ် (ရေဆေးပြီး ရေစိမ်ထားပါ)

ငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

အသားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆီ  –  စားပွဲဇွန်း ၄ ဇွန်း

ရေ  –  ၃၅၀ မီလီလီတာ

အနှစ်အတွက်ထောင်းရန် လိုအပ်တာတွေကတော့-

ကြက်သွန်နီ  –  ၁၂၀ ဂရမ်

ကြက်သွန်ဖြူ  –  ၂၅ ဂရမ်

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်သီးမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       အနှစ်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်တို့ကို ရောပြီး ထောင်းထားပါ။

၂။       ချက်မည့်အိုးထဲ ခရမ်းသီး၊ ငါးခြောက်ရိုး၊ ထောင်းထားတဲ့အနှစ်၊ ငံပြာရည်၊ အသားမှုန့်နှင့် ဆီတို့ကိုထည့်ပြီး နယ်ထားပါ။

၃။       ပြီးလျှင် မီးဖိုပေါ်တင်ပြီး လုံးချက် ချက်ပါ။ ပြီးလျှင် ရေထည့်ပြီး ချက်ပါ။

၎။       ရေဆူလာလျှင် မီးအရှိန်နည်းနည်းလျှော့ပြီး ခရမ်းသီး နှင့် ငါးခြောက်ရိုးနူးလျှင် အဆင်သင့်ဖြစ်ပါပြီ။

www.facebook.com/Myint Oo Tha

Facebook Comments