ငါးသေတ္တာ ငါးပိရည်ကျို

by Meemeetofu for Food Magazine

          ငါးသေတ္တာနဲ့ ငါးပိရည်ကျို ဖျော်နည်းလေးပါရှင်။ You Tube ထဲက လာအိုအမျိုးသမီးတစ်ယောက်ရဲ့ ချက်နည်းကို လေ့လာပြီး ချက်ထားတာပါ။ ဟင်းသီးဟင်းရွက် အတို့အမြှုပ် အစုံအလင်နဲ့သာဆိုရင် အသားဟင်းမလိုတဲ့ အလွန်ထမင်းစားမြိန်တဲ့ ဟင်းတစ်ခွက်ပါ။

ပါဝင်ပစ္စည်းများ

ငါးသေတ္တာဘူးသေး  –  ၁ ဘူး

ငရုတ်သီးစိမ်း စပ်စပ်  –  ၈-၁၀ တောင့်ခန့်

ကြက်သွန်ဖြူ  –  ၆ မြွှာ

ကြက်သွန်နီ  –  ၁ လုံး

ငါးပိမီးဖုတ်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်

မြေပဲလှော်  –  စားပွဲဇွန်း ၃ ဇွန်း

သကြား  –  စားပွဲဇွန်းတစ်ဝက်

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်

ငါးပိရည်ကျို  –  စားပွဲဇွန်း ၆ ဇွန်းခန့်

သံပရာသီး  –  ၁ လုံး

ချက်နည်း

၁။       ပါဝင်ပစ္စည်း ၂ မှ ၄ အထိကို လှော်ထားပြီး အအေးခံထားပါ။ အေးသောအခါ ငါးပိမီးဖုတ်၊ မြေပဲနှင့်အတူ ရောထောင်းပါ။ မညက်တညက်ရလျှင် ပန်းကန်လုံး တစ်လုံးထဲ ထည့်ပါ။

၂။       ငါးသေတ္တာဘူးကို ဒယ်အိုးထဲထည့်ပြီး ခန်းခြောက်သွားအောင် ချက်ပါ။  ခန်းခြောက်သွားလျှင် မီးအပူမှဖယ်ပါ။ အသားကို ယောက်မနှင့်မွှေပြီး ကြေအောင် ခြေထားပါ။ (သံဘူးထဲကအတိုင်း မချက်ဘဲ စားတတ်သူများ ဒီအဆင့်မလိုအပ်ပါ။ သံဘူးမှ ဖောက်ပြီး အသားများကို ခြေထားပါ။

၃။       ငါးကို အဆာများ အသင့်ထောင်းထားသည့် ပန်းကန်လုံးထဲထည့်ပါ။ သကြား၊ ငံပြာရည် ထည့်မွှေပါ။ သံပရာသီးကို အချဉ်စားနိုင်သလောက် ညှစ်ထည့်ပါ။

၎။       ** ငါးပိရည်ကျိုတဲ့အခါ ရေများများနဲ့ ကျဲကျဲကျိုရပါတယ်။ ငါးသေတ္တာအသုပ်ထဲကို အသင့်ကျိုချက်ထားသော ငါးပိရည် ၆ ဇွန်းခန့် ရောထည့်မွှေပါ။ အရသာမြည်းကာ အပေါ့၊ အငန်၊ အချဉ် လိုအပ်သလို ပြုပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments