ငါးခေါက်ဆွဲ (Home Made Fish Noodle)

by Sofia for Food Magazine

ငါးခေါက်ဆွဲလေးက ငါးအသားနဲ့ ခေါက်ဆွဲဖတ်ဖြစ်အောင် လုပ်ထားတာလေးပါ။ ပြုလုပ်ရတာ လွယ်ကူပြီး အိမ်သားတွေအတွက် မနက်စာလေးကို ဆန်းဆန်းပြားပြားလေး လုပ်ကျွေးရအောင်နော်။ ငါးခေါက်ဆွဲမုန့်နှစ်လေးကို ကြိုတင်လုပ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားကာ မနက်ကျရင် ရေဆူအောင် တည်ပြီး ညှစ်ချပေးရုံနဲ့ မနက်စာအတွက် ၁၅ မိနစ်အတွင်း လွယ်ကူမြန်ဆန်ပြီး အရသာရှိတဲ့ ခေါက်ဆွဲပွဲလေးရမှာ ဖြစ်ပါတယ်။ လုပ်ကြည့်ရအောင်နော်။

ငါးခေါက်ဆွဲဖတ်အတွက် ပါဝင်ပစ္စည်းများ

ငါးအသား –  ၃၀ဝ ဂရမ် (၂၀ ကျပ်သား) ၃ ပွဲစာ

ဂျုံမှုန့် –  ၄၀ ဂရမ် (၃ ဇွန်းခန့်)

ကော်မှုန့် –  ၄၀ ဂရမ်

ရေ –  ၁၀ဝ မီလီလီတာ (အခါး ပန်းကန် ၁ လုံးခန့်)

ဆား –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

နှမ်းဆီမွှေး –  ၁ ဇွန်း

ကြက်ဥအကာ –  တစ်ဝက်

ငါးခေါက်ဆွဲဖတ်ပြုလုပ်နည်း

၁။       ငါးအသားကို ကြိတ်ပါ။ မြန်မာပြည်မှာတော့ ငါးဖယ်ခြစ်သုံးလျှင် ရပါတယ်။(အရိုးနည်းတာ ရှာဝယ်ပါ။) တချို့ငါးအသားများမှာ ဆားထည့်ထားတတ် လို့ အရင်မြည်းကြည့်သင့်ပါတယ်။ ဆားပါပြီးသားဖြစ်ပါက ဆားထပ် ထည့်ရန် မလိုပါ။

၂။       ဦးစွာ ဇလုံတစ်လုံးထဲ ဂျုံမှုန့်နှင့် ကော်မှုန့်ကို ရေထည့်ပြီး ဖျော်ပါ။

၃။       ပြီးလျှင် ငါးအသားထည့်ပါ။ အရသာဖြည့်စွက်ပြီး နာနာနယ်ပါ။

၎။       စေးပိုင်လာပါက ကြက်ဥအကာထည့်ပြီး ထပ်မံ၍ နယ်ပါ။

၅။       မုန့်သားညက်လာပါက ပလတ်စတစ်အိတ်တစ်ခုထဲ ထည့်ပါ။ အပေါ်က သေချာ ချည်ထားပါ။

၆။       ပြီးလျှင် ခေါက်ဆွဲပြုတ်ဖို့ ရေနွေးအိုးတည်ပါ။

၇။       ရေဆူပါက ငါးမုန့်နှစ်ထည့်ထားတဲ့ အိတ်ရဲ့ထောင့်ချွန်းကို ကတ်ကြေးဖြင့် သေး သေးညှပ်ပြီး ရေနွေးဆူဆူထဲ ညှစ်ပေးပါ။ များလျှင် နှစ်ခါခွဲပြီး ပြုတ်ပါ။

၈။       ရေပေါ်ပေါ်လာတဲ့ ငါးခေါက်ဆွဲဖတ်လေးများကို ဆယ်ယူပြီး တည်ခင်းမယ့် ပန်းကန်ထဲ ထည့်ပါ။

၉။       အသင့်တည်ထားတဲ့ ဟင်းရည်အိုးထဲ မိမိနှစ်သက်ရာ အသားနှင့် ပုစွန် တို့ကိုထည့် ပါ။ အသီးအရွက်တို့ကိုလည်း ဆူနေတဲ့ဟင်းရည်အိုးထဲ ထည့်၍ တည်ခင်းမယ့် ငါးခေါက်ဆွဲပန်းကန်ထဲ ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

ဟင်းချိုအတွက် ပါဝင်ပစ္စည်းများ

ငါးခေါက်ဆွဲပြုလုပ်ရန် အသင့်ဖြစ်ပါက ဟင်းချိုအိုးကို အရင်  ပြင်ဆင်ထားပါ။

ကြက်ပြုတ်ရည် –  ၃ ပွဲစာ

ပဲငံပြာရည်အကြည် –  စားပွဲဇွန်း ၃ ဇွန်း

ခရုဆီ –  ၃ ဇွန်း

နှမ်းဆီမွှေး –  ၁ ဇွန်း

သကြား –  ၁ ဇွန်း

ဟင်းခတ်မှုန့် –  ၂ ဇွန်း

ပုစွန်/နှစ်သက်ရာအသား –  ၁ ပန်းကန်

မုန်လာဥနီ၊ မှို၊ ရွှေပဲသီးနှင့် မုန်ညင်း (သို့) ပဲရွက်

ပြုလုပ်နည်း

ကြက်ပြုတ်ရည်တည်ပြီး အရသာဖြည့်စွက်ထားပါ။ ထည့်လို သည့် အသား၊ ငါး၊ သီးနှံများကို အသင့်လှီးဖြတ်ထားပါ။

Facebook Comments