ငါးအရေခွံနဲ့ ဆားဘဲဥကြော်

by Htet Family’s Creation for Food Magazine

          ဒါလေးက စင်ကာပူမှာ တော်တော်ကို ခေတ်စားနေတာပါ။ ကျွန်မလည်း သူများလက်ဆောင်ပေးတော့ စားမိရင်း တော်တော်ကို ကြိုက်နှစ်သက်မိတာပါ။ ဒီတော့ စင်ကာပူကို အမြဲတမ်း မှာစားဖို့ဆိုတာက သိပ်မလွယ်ဘူးလေ။ ဒီတော့ နည်းရှာရတယ်။ လုပ်ကြည့်ရတယ်။ အောင်မြင်ပြီဆိုမှ တော်တော်ပျော်သွားတယ်။ အစားတလိုင်းပါဆို ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

ငါးအရေခွံကြော်ရန် လိုအပ်သည်များ

ငါးအရေခွံ  –  ၂၅၀ ဂရမ် (ဆယ်မွန်ငါးသုံးပါတယ်)

Corn Strach အမှုန့် (သို့) Corn Flour  –  စားပွဲဇွန်း ၃ ဇွန်း

ဆား  –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အချိုစားဇွန်း တစ်ဝက်

ဆီ (Olive Oil)  –  ရေနွေးတစ်ခွက်စာ

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဆယ်မွန်ငါးအရေခွံ (ကိုယ်ကြိုက်နှစ်သက်ရာ ငါးအရေခွံကို သုံးနိုင်ပါတယ်) နှစ်သက်သလို အရွယ် လှီးဖြတ်ပြီးလျှင် ခြောက်သွေ့နေအောင် မီးဖိုချောင်သုံး တစ်ရှူးနဲ့ သုတ်ထားပေးပါ။ ငရုတ်ကောင်းနှင့် ဆားနယ်ထားပါ။

၂။       ပြီးလျှင် Corn Flour (သို့) Corn Strach အမှုန့်များဖြင့် ဖွဖွနယ်ပေးထားပါ။

၃။       ကြော်မယ့် ဒယ်ပေါ်မှာ ဆီကို အနည်းငယ်နှံ့အောင် ပွတ်ပေးပြီး အရေခွံလေးများကို ကြော်ပေးပါ။

၎။       ခပ်ကြွပ်ကြွပ် ဝါဝါလေးအနေအထားမှာ ဆယ်ယူပြီး ဆီစစ်ထားပေးပါ။

ဒီအချိန်မှာ ဘဲဥအငန် (ဆားဘဲဥ) ကို ပြင်ဆင်ပါမယ်။

ပါဝင်ပစ္စည်းများ

ဆားဘဲဥအနှစ်  –  ၂ လုံး

ပျဉ်းတော်သိမ်  –  ၁၀ ရွက်

ငရုတ်သီးစိမ်း  –  ၃ တောင့်

နွားနို့  –  ၃ ဇွန်း

ထောပတ်  –  ၅ ဂရမ်

အသားမှုန့်  –  အချိုဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဆားဘဲဥအနှစ်တွေကို ခြေထားပါ။ ထောပတ်ကို ဒယ်ထဲမှာ အပူပေးပျော်စေပြီး ပျဉ်းတော်သိမ်၊ ငရုတ်သီးစိမ်းအနီ (ပါးပါးလှီး)တို့ကို ကြော်ပေးရပါမယ်။

၂။       ဆားဘဲဥ ခြေထားတာတွေကို ထည့်လှိမ့်ပေးရပါမယ်။ နွားနို့ (သို့) အုန်းနို့ကို ထည့်ပြီး အသားမှုန့် ထည့်ရပါမယ်။

၃။       ခပ်ခြောက်ခြောက်လေးဖြစ်လာလျှင် မီးပိတ်ပြီး ငါးအရေခွံကြော်တွေနဲ့ ရောမွှေပေးလိုက်ပါ။

၎။       မွှေပြီးလျှင်တော့ အရသာရှိစွာ ကြွပ်ရွနေတဲ့ ဆားဘဲဥ ငါးအရေခွံကြော်လေးကို အဆာပြေ စားလို့ရပါပြီ။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments