ငါးသလောက်ဥချဉ်စပ်

By Htet Family’s Creation for Food Magazine

          အလှူမှာ မုန့်ဟင်းခါးကျွေးတော့ ငါးသလောက်ဥပါ ထည့်ဖြစ်တယ်။ အဲဒီဥတွေ ပိုတာလေးတွေ အများကြီးကျန်တော့ တစ်ခုခုလုပ်စားမှ ဖြစ်တော့မယ်လေ။ ဈေးကလည်း နည်းတာမဟုတ်။ အဲဒီအတိုင်းလည်း မစားချင်တော့ ချဉ်စပ်လေးချက်မယ်ပေါ့။ ဥတွေကို အကုန်လှီးစိတ်ပြီးနေပြီလေ အကြေတွေရောပါတယ်။ ချက်ရအောင် . . . ။

ပါဝင်ပစ္စည်းများ

ငါးသလောက်ဥ (ကြော်ပြီးသား)  –  ၁၀ ကျပ်သားခန့်

ကြက်သွန်နီ (အသေး)  –  ၂ လုံး

ကြက်သွန်ဖြူ  –  ၃ လုံး

ခရမ်းချဉ်သီး  –  ၃ လုံး

ချင်း  –  လက်တစ်ဆစ်ခန့်

နနွင်း  –  အနည်းငယ်

ငရုတ်သီး အရောင်တင်မှုန့်  –  အချိုဇွန်း ၁ ဇွန်း

ငရုတ်သီး အကြမ်းဖတ်  –  အချိုဇွန်း ၃ ဇွန်း

ဆား  –  အနည်းငယ်

ငါးအသားမှုန့်  –  အချိုဇွန်း ၁ ဇွန်း

ငံပြာရည်  –  ထမင်းစားဇွန်း ၁ ဇွန်း

ငရုတ်သီး  –  အတောင့် ၁၅ တောင့်

နံနံပင်  –  မဆလာ အနည်းငယ်

ပြုလုပ်နည်း

          ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူနဲ့ ချင်းကို ခပ်ညက်ညက် ထောင်းထားလိုက်ပါတယ်။ ခရမ်းချဉ်သီးကတော့ ချေအောင်ချက်ရမှာဖြစ်လို့ ခပ်သေးသေးလေးတွေ လှီးထားလိုက်ပါတယ်။ စချက်တော့မယ်နော်။ ကြက်သွန်နီ/ဖြူ၊ ချင်း စတာတွေကို ဆီပူမှာ အရောင်တင်၊ နနွင်း၊ ဆားတို့ဖြင့် ဆီသတ်ပါ။ တော်တော်ကြွပ်လာရင် ငရုတ်သီး အကြမ်းထည့်ပါ။ ခဏကြာရင် ခရမ်းချဉ်သီးထည့်၊ ရေနည်းနည်းထည့်ပြီး ခြေပေးနေပါ။ တော်တော်ကြေပြီဆိုမှ ငါးသလောက်ဥထည့်ပြီး မွှေပေးပါ။ ငါးအသားမှုန့်၊ ငံပြာရည် စတာတွေထည့်ပါ။ ရေ အနည်းငယ် ထည့်ပါ ။ ပွက်လာရင် ငရုတ်သီးတောင့်များ ထည့်ပေးပါ။ မွှေးလာပါလိမ့်မယ်။ ဆီပြန်လာရင် အရသာမြည်းလို့ အချို၊ အငန်၊ အစပ် အနေတော်ဆိုရင် မီးပိတ်ပြီး မဆလာဖြူး၊ နံနံပင်အုပ်လိုက်ရင်ဖြင့် အရမ်းကောင်းတဲ့ ငါးသလောက်ဥ ချဉ်စပ်ဟင်းမွှေးမွှေးလေး ရပါပြီ။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments