ငါးသလောက်ပေါင်း/ငါးအရိုးနူးပေါင်း

by Sofia for Food Magazine

ထမင်းမြိန်ပြီး လူကြိုက်များတဲ့ ငါးသလောက်ပေါင်း/ ငါးအရိုးနူးပေါင်းနည်းလေး ဖြစ်ပါတယ်။ တချို့ ငါးသလောက်မတည့်သော သူများအတွက်လည်း အခြားငါးတို့နဲ့ အစားထိုးပြီး ချက်နိုင်ပါတယ်။ ကျွန်မကတော့ ဒီတစ်ခါ ငါးသလောက်မရနိုင်တဲ့ အရပ်မှာမို့ Milkfish ကို အစားထိုးချက်ထားပါတယ်။ မြန်မာပြည်မှာတော့ ငါးကြင်းကို အစားထိုး ချက်လေ့ ရှိကြပါတယ်။ ချက်စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ

ငါးသလောက်/ငါးကြင်း/Milkfish –  ၆ဝဝ ဂရမ်  (၄၀ ကျပ်သားခန့်)

ကြက်သွန်နီ-  ၅ လုံး

ကြက်သွန်ဖြူ-  ၁၀ မြွှာ

ချင်း-  ၁ တက်

နနွင်းမှုန့်-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဟင်းခတ်မှုန့်-  အနည်းငယ်

ဆား-  စားပွဲဇွန်း ၁ ဇွန်း

ရှလကာရည်-  ရေနွေးပန်းကန်လုံး ၁ လုံး

ငရုတ်သီးခြောက်-  ၁၀ တောင့်

စပါးလင်-  ၂ ချောင်း

ဆီ-  လိုသလောက်

ပြုလုပ်နည်း

၁။        ငါးသလောက် သို့မဟုတ် မိမိနှစ်သက်ရာငါးကို ရေဆေးသန့်စင်၍ လိုသလို လှီးဖြတ်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ရှလကာရည်၊ ချင်းထောင်း

တစ်ဝက်၊ ကြက်သွန်ဖြူ ၅ မြွှာ၊ ကြက်သွန်နီ ၃ လုံး ခြမ်း၍ ထည့်ပြီး နယ်ထားပါ။ မီးဖိုမှာ တိုက်ရိုက်မပေါင်းဘဲ ချက်ပါက စပါးလင်ကို ထုပြီး အိုးအောက်ခြေ မှာ ခင်းပါ။ ကြံကိုလည်း အသုံးပြုနိုင်ပါတယ်။

၂။         အရသာနယ်ပြီးပါက ထမင်းပေါင်းအိုးထဲ ထည့်ပြီး ရေဖုံးအောင် ထည့်ပါ။

၃။        လက်ကျန် ကြက်သွန်နီ ၂ လုံးကို ပါးပါးစိတ်ပြီး ကြက်သွန်ဖြူ ၅ မြွှာကို ထောင်းထားပါ။ ငရုတ်သီးခြောက်ကို ရေစိမ်ပြီး ထောင်းထားပါ။ စပါးလင်ကို ထုပြီး လှီးဖြတ်ထားပါ။

၄။        အဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲ ဆီထည့်ပြီး စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း လက်ကျန်တစ်ဝက်နှင့် ငရုတ်သီးထောင်းထားသည်တို့ကို

ဆီသတ်ပြီး ဆား အနည်းငယ် ထည့်ပါ။

၅။        ပြီးလျှင် ငါးသလောက်ပေါင်းမည့် အိုးထဲ ရောထည့်ပြီး အရိုးနူးသည်အထိ တည်ပေးပါ။ ၄ နာရီခန့်ကြာမြင့်တတ်ပြီး လိုအပ်ပါက ရေ ထပ်ထည့်ပါ။ အရိုးနူး ပါက ရေခန်း ဆီပြန်သည်အထိ ထားပြီး အရသာအပေါ့အငန်မြည်းကာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။

၆။        ထမင်းပေါင်းအိုးကို အသုံးပြုခြင်းဖြင့် အိုးကပ်တူးခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ မီးဖိုမှာ တိုက်ရိုက်ချက်ပါက မီးအနေအထားကို အထူးဂရုပြု

ရမှာ ဖြစ်ပါတယ်။ အရိုးနူးပေါင်းအိုး Pressure Cooker ဖြင့် ချက်ပါက အချိန်ကုန်သက်သာပြီး မီးအားကုန်သက်သာစေမှာ ဖြစ်ပါတယ်။

Facebook Comments

Menu