ငါးရံ့ မယ်ဇလီဖူးဟင်းချို

by Myint Oo Tha for Food Magazine

          ငယ်ငယ်ကတော့  ဒီဟင်းချိုကို သက်တဲ့အရသာရှိလို့ သိပ်ပြီးမကြိုက်ဘူး။ နောက်ပိုင်းမှာ ဆေးဖက်ဝင်တဲ့ ဟင်းချိုဖြစ်တာရယ်၊ ခါးတဲ့အစားအစာကို ပိုကြိုက်လာလို့ ဒီဟင်းချို လေးကို ကြိုက်လာမိတယ်။

ပါဝင်ပစ္စည်းများ

ငါးရံ့  –  ၂၅၀ ဂရမ်

မယ်ဇလီဖူး  –  ၄ စည်း (ပြုတ်ပြီးသား)

ကြက်သွန်နီ  –  ၃ လုံး (ပါးပါးလှီးထားပါ)

ဆန်  –  စားပွဲဇွန်း  ၂ ဇွန်း (ရေစိမ်ထားပါ)

ခရမ်းသီး  –  ၂၈၀  ဂရမ် (၁ လုံး) (အတုံးသေးသေးတုံးထားပါ)

နံနံပင်  –  ၃ ပင်

ခရမ်းချဉ်သီး  –  ၃ လုံး (ပါးပါးလှီးထားပါ)

ငရုတ်သီးစိမ်း  –  ၆ တောင့်

ငါးပိ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ရေဖျော်ထားပါ)

ငံပြာရည်  –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်းတစ်ဝက်

နနွင်းမှုန့်  –  အနည်းငယ်

အသားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ  –  500 ml

ပြုလုပ်ပုံအဆင့်ဆင့်

၁။       ပြုတ်ပြီးသား မယ်ဇလီဖူးကို ရေစိမ်ထားပါ။ အခါးသက်သာစေဖို့ ဖြစ်ပါတယ်။

၂။       ငါးကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ နနွင်းမှုန့် အနည်းငယ်နှင့် ရောနယ်ထားပါ။

၃။       ရေစိမ်ထားတဲ့ဆန်ကို ထောင်းပြီး ရေဖျော်ထားပါ။

၎။       အိုးတစ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီထည့်ပါ။

၅။       ဆီပူသည်နှင့် ပါးပါးလှီးထားတဲ့ ကြက်သွန်နီကို ဆီ သတ်ပါ။ ပြီးလျှင် ငါးထည့်ပြီး လုံးပါ။

၆။       ပြီးလျှင် ရေစိမ်ထားတဲ့ မယ်ဇလီဖူးကို ရေညှစ်ပြီး အိုးထဲထည့်ပါ။

၇။       ရေဖျော်ထားတဲ့ဆန်ထည့်ပါ။ ပြီးလျှင် ရေထည့်ပါ။

၈။       ရေဆူသည်နှင့် ငံပြာရည်၊ ရေဖျော်ထားတဲ့ ငါးပိ၊ ခရမ်းသီး၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီး စိမ်းကို ဓားပြားရိုက်ပြီး ထည့်ပါ။ ကျန်ရှိနေသေးတဲ့ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် အသားမှုန့် ထည့်ပါ။

၉။       ခရမ်းသီးနူးပြီး နံနံပင်ခတ်လျှင် အဆင်သင့်ဖြစ်ပါပြီ။

www.facebook.com/Myint Oo Tha

Facebook Comments