ငါးရံ့ဆားငံသီးသောက်ဆမ်း

kth_7

kth_8

kth_9

kth_10

ငါးရံ့ဆားငံသီးသောက်ဆမ်း

            ငါးရံ့ဆားငံသီးပေါင်းကိုတော့ စားဖိုမှူးစာရေးသူ တော်တော်များများလည်း ရေးပြဖူးပြီးသားဆိုတော့ မတူအောင် ငါးရံ့ဆားငံသီးသောက်ဆမ်းလေးကို အဆန်းထွင်ပြီး ချက်ပြပေးလိုက်ပါတယ်။ ငါးပိ၊ ငံပြာရည်လေး အပြင်၊ ငရုတ်သီးစပ်စပ်၊ ချဉ်ချဉ်လေးနဲ့ဆိုတော့ ပူပူအေးအေးရာသီ ၂ မျိုးလုံးအတွက် သင့်တော်မယ့် အရည်ဟင်းလေး တစ်ခွက်ဖြစ်ပါလိမ့်မယ်။

►   ပါဝင်ပစ္စည်းများ

♦   ငါးရံ့   –   ၁ ကောင် (အကြေးထိုးဗိုက်ဖောက်သန့်စင်ပြီး)

     (ငါးခေါင်းကို ပါးဟပ်ထုတ်ရေဆေးပြီး ခြမ်းထားပါ)

♦   ပုစွန်ငါးပိ   –   အနည်းငယ် (ရေအနည်းငယ်ဖျော်ထားပါ)

♦   နနွင်းမှုန့်   –   လက်ဖက်ရည်ဇွန်းတစ်ဝက်

♦   ဆား   –   လက်ဖက်ရည်ဇွန်းတစ်ဝက်

♦   ငံပြာရည်   –   အနည်းငယ်

♦   စပါးလင်   –   ၂ ပင်

     (၁ ပင်ကိုထုပြီး ထုံးထားပါ။ ကျန်တစ်ပင်ကိုထောင်းပြီး အရည်ညှစ်ထားပါ)

♦   ကြက်သွန်နီ   –   ၂ လုံး

♦   ကြက်သွန်ဖြူ   –   ၃ တက်

♦   ငရုတ်သီးစိမ်း   –   ၆ တောင့်

♦   ဆီ   –   အနည်းငယ်

♦   ဆားငံသီး   –   ၁ဝ စေ့

♦   နံနံပင်   –   ၅ ပင်

   (ရေစင်စင်ဆေးပြီး အနေတော်ပိုင်းဖြတ်ထားပါ။ အမြစ်ပိုင်းများကို ထုထားပါ)

►   ပြုလုပ်နည်း

၁။        ငါးခေါင်းကို နနွင်းမှုန့်၊ ဆားငံစေ့များ၊ ထုံးထားသောစပါးလင်တို့နဲ့ ရောပြီး ရေ ၁ လီတာ ဆူအောင် အရင်တည် နံနံပင်အမြစ်များပါ ရောထည့်ပြီး ပြုတ်ထားပါ။ အမြုပ်များတက်လာလျှင် ဖယ်ထုတ်ပေးပါ။

၂။        သန့်စင်ပြီးငါးရံ့ကို ၃ ပိုင်းပိုင်းအလယ်မှာဓားတစ်ချက်ဘယ်ညာမွှန်းပြီး ရေဖျော်ထားတဲ့ငါးပိ၊ နနွင်းမှုန့်၊ ဆား ၊ စပါးလင်ရည်တို့နဲ့ နယ်ပြီးခဏနှပ်ထားပါ။

၃။        ကြက်သွန်ဖြူ၊ နီနဲ့ ငရုတ်သီး တစ်ဝက်ကိုခပ်ကြမ်းကြမ်းထောင်းပြီး နနွင်းမှုန့် အနည်းငယ်ဖြင့် ရောသမထားပါ။ (ဒီနေရာမှာအရောင်လိုချင်ရင် အရောင်တင်မှုန့် ထည့်ပေးပါ)

၎။        ဆီအနည်းငယ်အပူပေးပြီး ထောင်းထားသော အစာများကိုနွမ်းသွားသည်အထိ ဆီသတ်ပါ။

၅။        အရသာနယ်ထားသော ငါးအသားတုံးများထည့်ပြီး ငါးအသားမာသွားသည်အထိ အိုးကိုလှပ်ပြီး ဆီသတ်ပေးပါ။

၆။        ငါးရိုးပြုတ်ထားသောအရည် များထည့်ပြီးဆူလာအောင် တည်ပေးပါ ငါးခေါင်းပိုင်းများလည်း ထည့်ပေးပါ။

၇။        ငါးအသားနူးလျှင် ငံပြာရည်၊ ဆားခတ်ပြီး အရသာချိန်ညှိပါ။ နံနံပင်ခတ်ပြီး သုံးဆောင်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments