ငါးရံ့မြေပဲချက်

by Sofia for Food Magazine

ရှမ်းဟင်းတစ်ခွက်ဖြစ်တဲ့ အဲဒီဟင်းလေးကို သေချာချက်ပြပြီး ချက်ကျွေးခဲ့တဲ့ လွိုင်ကော်က မမကြီးတို့ မိသားစုအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဒီငါးရံ့မြေပဲချက် ချက်ဖို့အတွက် ငါးရံ့အသေးအကောင်ပေါက်လေးတွေ သုံးပြီး ချက်လေ့ရှိပါတယ်။ သဘာဝ ငါးရဲ့အရသာနဲ့အတူ မြေပဲနဲ့ တွဲဖက်ချက်ထားတဲ့ ချိုစိမ့်မွှေးနေတဲ့ ဟင်းတစ်ခွက်ကို  အသီး၊ အရွက်တို့နဲ့ တွဲဖက်ပြီး တည်ခင်းရင်တော့ အလွန်ထမင်းမြိန်စေတဲ့ ရှမ်းဟင်းတစ်ခွက်ဖြစ်စေ မှာ အမှန်ပါပဲ။ ချက်စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ

ငါးရံ့အကောင်အသေး –  ၂၅ ကျပ်သား

ကြက်သွန်နီ –  ၃ လုံး

ခရမ်းချဉ်သီး –  ၂ လုံး

ချင်း –  လက်တစ်ဆစ်

မြေပဲ –  အကြမ်းပန်းကန်လုံး ၁ လုံးစာ

ဆား –  အနည်းငယ်

နနွင်းမှုန့် –  အနည်းငယ်

အရောင်တင်မှုန့် –  အနည်းငယ်

ဆီ

နံနံပင်/ပင်စိမ်း

ပြုလုပ်နည်း

၁။        ဦးစွာ ငါးရံ့ပေါက်လေးများကို ဗိုက်ဖောက်ပြီး သန့်စင်၍ ဆား၊ နနွင်းမှုန့် လူးပြီး ခဏနှပ်ထားပါ။

၂။         ကြက်သွန်နီကို ပါးပါးစိတ်ပြီး ခရမ်းချဉ်သီးကို သေးသေးစိတ်ထားပါ။ ချင်းကို အမျှင်လေးများ စိတ်ထားပါ။ မြေပဲဆံကို လှော်ပြီး ဆီထွက်လာ သည်အထိ ညက်နေအောင် ထောင်းထားပါ။

၃။        အားလုံးအသင့်ဖြစ်ပါက ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာပါက ဆား၊ နနွင်းမှုန့်နှင့် နယ်ထားတဲ့ ငါးရံ့များကို ထည့်ပြီး အနည်းငယ် နီရောင် သန်းသည်အထိ ကြော်၍ ဆယ်ယူပြီး ဆီစစ်ထားပါ။

၄။        အိုးထဲမှ ဆီကို ခပ်ထုတ်ပြီး အနည်းငယ်ချန်ထားကာ ကြက်သွန်နီကို ဆီသတ်ပါ။နီရောင်သန်းလာပါက ချင်းအမျှင်လှီးထားသည်ကို ထည့်ပါ။ အရောင်တင်မှုန့်နှင့် နနွင်းမှုန့်ထည့်ပြီး ခရမ်းချဉ်သီးထည့်၍ ကြေညက်

အောင်  မွှေပါ။

၅။        ခရမ်းချဉ်သီးကြေညက်ပါက အသင့်ထောင်းထားတဲ့ မြေပဲထောင်းထည့်ပါ။ ရေကို အနည်းငယ်ထည့်ပေးပါ။ ဆားအရသာဖြည့်စွက်၍ အသင့်ကြော် ထားပြီးသား ငါးရံ့ကို ထည့်ပြီး သမအောင် မွှေပါ။

၆။        လိုအပ်ပါက ရေကို အနည်းငယ်ထည့်ပေးပြီး ဆီပြန်လာပါက အရသာ အပေါ့ အငန်မြည်း၍ မီးဖိုပေါ်မှချပြီး နံနံပင်/ ပင်စိမ်း နှစ်သက်ရာအုပ်ကာ တို့စရာ ဟင်းသီး ဟင်းရွက်များနှင့် တွဲဖက်၍တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments