ငါးမုန့်ခြောက်ပြုလုပ်နည်း Fish Cracker >> Prawn Cracker

by Sofia for Food Magazine

           ငါးမုန့်၊ ပုစွန်မုန့်ခြောက်တွေကို နေရာတိုင်းလိုလိုမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ မေးလာတဲ့ သူတွေလည်းရှိလို့ ပထမအကြိမ် စမ်းသပ်ပြုလုပ်ရာမှာ အတော်လေးအဆင်ပြေပါတယ်။ ပါဝင်ပစ္စည်းအနည်းငယ်ဖြင့် ပြုလုပ်ရလည်း လွယ်ကူကာ ဝါသနာရှင်များ၊ အိမ်ရှင်မများအနေနဲ့ ကိုယ်တိုင်ပြုလုပ်ပြီး အိမ်သားများကို တည်ခင်းနိုင်ဖို့ လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါးဖယ်ခြစ်/ပုစွန်  –  ၂၀ဝ ဂရမ်

သာကူမှုန့် / ပီလောပီနံမှုန့်  –  ၁၀ဝ ဂရမ်

ချင်းရည်  –  အနည်းငယ်

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဟင်းခတ်မှုန့်  –  ၁ ဇွန်း

ငရုတ်ကောင်းဖြူ  –  ၁ ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

၁။       ငါးဖယ်ခြစ် (သို့) ပုစွန် (သို့) နှစ်သက်ရာငါးကို အရိုးနွှင်ပြီး ကြိတ်ထားပါ။

၂။       ကြိတ်ထားသော ငါးဖယ်ခြစ်ထဲသို့ သာကူမှုန့်၊ ဆား၊ ငရုတ်ကောင်း၊ ချင်းရည်နှင့် ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး သမအောင်နယ်ပါ။

၃။       ငါးမုန့်အရောကို ချောမွေ့လာသည်အထိ နယ်ပေးပါ။ နယ်ချိန်မှာ အလွန်ခြောက်နေလျှင် လက်ကို ရေစိုရုံစွတ်ပြီး နယ်ပေးပါ။

၎။       ချောမွေ့ပါက လိုချင်သော ငါးမုန့်အရွယ်အစားကို လှိမ့်ပေးပြီး ဆီလူးထားသော ဗန်းထဲထည့်၍ ပေါင်းခံအိုးဖြင့် ၁ နာရီခန့် ကျက်သည်အထိ ပေါင်းပါ။

၅။       မုန့်နှစ်ကျက်မကျက်ကို ဓားဦးချွန်ဖြင့်ထိုးပြီး ကြည့်ပါ။ ကျက်လျှင် အရောင်ပြောင်းပြီး မာတင်း၍ မုန့်နှစ် ကပ်မပါလာပါက ထုတ်ယူပြီး အအေးခံပါ။

၆။       ပေါင်းထားသောငါးမုန့်ကို လုံးဝအေးသွားအောင် ရေခဲသေတ္တာထဲ တစ်ည (သို့) နာရီပိုင်းခန့်ထားပြီး အေးသွားသော ငါးမုန့်မာတင်းတင်းကို ဓားထက်ထက်ဖြင့် ခပ်ပါးပါးလှီးပါ။ ၂ မီလီမီတာအရွယ် အပါးလောက် လှီးပါ။

၇။       ပါးပါးလှီးထားပြီးသော ငါးမုန့်ကို ဗန်းတစ်ချပ်ထဲ ထည့်ပြီး နေလှန်းပါ။ တစ်နေလှန်းလျှင် ရပါပြီ။

၈။       နေပူလှန်း၍ မရသောသူများအတွက် Oven အပူချိန် ၁၀ဝ ခန့်မှာ ၁၀ မိနစ်တစ်ခါ အထက်အောက်လှည့်ပြီး ခြောက်အောင်ပြုလုပ်ပါ။ သို့မဟုတ် ပူနွေးသောနေရာမှာ လေသလပ်စေပြီး ခြောက်သွေ့အောင် ပြုလုပ်ပါ။

၉။       လုံးဝခြောက်သွေ့သွားမှသာလျှင် လိုသလောက်ကို ဆီပူထဲ ချကြော်ပြီး ကျန်ရှိသည်ကို ခြောက်သွေ့သောဘူး၊ ပုလင်းတို့ဖြင့်ထည့်၍ သိမ်းဆည်းထားနိုင်ပါပြီ။

**      အသုံးပြုသော ငါးအမျိုးအစားပေါ် မူတည်၍ ငါးမုန့် အပွအနေအထား ကွာခြားနိုင်ပါတယ်။ ယခုပြုလုပ်ထားသည်မှာ ကကတစ် (Seabass) အမျိုးအစားဖြစ်ပါတယ်။

**      ယခုပြုလုပ်နည်းကို အခြေခံပြီး အရသာကို မိမိနှစ်သက်သလို ပြင်ဆင်ပြုလုပ်နိုင်ပါတယ်။ အရောင်ဖြင့် ပြုလုပ်လိုပါက ပေါင်းထွက်လာသော ငါးမုန့်ကို စားဆေးအရောင် (Food Color) ဖြင့် လူးပေးပြီး အအေးခံ၍ လှီးနိုင်ပါတယ်။

**      ပြုလုပ်သောအရွယ်ပေါ်မူတည်ပြီး ပေါင်းချိန် ၄၅ မိနစ်မှ ၁ နာရီကြာမြင့်မှာ ဖြစ်ပါတယ်။

**      အထက်ပါအချိုးဖြင့် ပြုလုပ်ပါက ငါးမုန့်ခြောက် ၁၀ ကျပ်သားပိုပို ၁၇၀ ဂရမ် ရရှိမှာ ဖြစ်ပါတယ်။

Facebook Comments