ငါးဖယ်ငါးပိကောင်ရေချိုဟင်း

Htet_2

Htet_3

Htet_4

Htet_5

ငါးဖယ်ငါးပိကောင်ရေချိုဟင်း

            ကျွန်မကခု ကိုယ်ဝန်သုံးလအထိကို အသားဟင်း၊ ငါးဟင်း၊ ဘာဟင်းအနံ့မှ ဒုက္ခမရောက်ဘဲ အတော်ကို ကျန်းမာပါတယ်။ သားသမီး ၃ ယောက်လုံး ကိုယ်ဝန်ဆောင်ချိန်မှာကစလို့ လုံးဝဒုက္ခပေးခြင်းမရှိတာ ကိုယ်ကံတရားပဲ ပြောရမလား မသိဘူး။ အသားဟင်း၊ ငါးဟင်းလည်းစားလို့ အဆင်ပြေ၊ အသီးအနှံလည်း ကြိုက်ပဲ၊ သားကြီးမှာ ပန်းသီးအစိမ်းပဲ စားချင်တယ်။ သမီးလေးမှာတော့ ငှက်ပျောသီး ဖီးကြမ်းကို ဆီနဲ့ကြော် စားချင်ခဲ့ဖူးတယ်။ လန်ဒန်မှာ ဖီးကြမ်းမရလို့ မစားခဲ့ရဘူး။ ဒီကိုယ်ဝန်မှာတော့ ကိုယ်မြန်မာပြည်ထဲ ရောက်နေတာမို့ စားချင်တာ အကုန်လက်တကမ်းမှာ ရခဲ့ပါတယ်။ မိသားစုရဲ့ နွေးထွေးမှုလည်း အပြည့်အဝ ရတာပေါ့။ ထားပါတော့ ကိုယ်ဝန်ဆောင်မေမေ ဆိုတော့ ကိုယ်တွေ့လေးကလည်း ရေးချင်သေးတာ။ ခုရေးမယ့် ငါးဟင်းက မြစ်ဝကျွန်းပေါ်ဘက်က ငါးဖယ်နည်းပေါ့နော်။ အဘွားတစ်ယောက် သေချာသင်ပေးထားတာ။ သူက ငါးဖယ်အကောင်လိုက်ကို သေချာဖွဖွ ထုထောင်းပြီး နှိပ်နယ်ပေးရင် အရိုးလေးတွေအထဲမှာ အမြှောင်းလိုက် လေး ပြုတ်ပြီး စားတဲ့အခါ အသားလေးပဲ ဖဲ့လိုက်တာနဲ့ ပါလာအောင် လုပ်ထားတာ။ ပြီးတော့ စားတဲ့အခါ စပ်ထုပ်ထုပ်နဲ့ တော်တော်စားကောင်းပါတယ်။ ပြီးရင်တော့ ငါးဖယ်ဆို ဒီဟင်းလေးမှ စားကောင်းမယ်ဆိုတာ သေချာပါတယ်ရှင်။

►   ပြုလုပ်နည်း

၁။        ငါးဖယ်အရွယ်တော် နှစ်ကောင်ကို အကြေးခွံထိုးပြီး လည်ပင်းနေရာက ဖောက်ကာ သန့်စင်ထားပေးပါ။

၂။        တစ်ကိုယ်လုံးကို ငရုတ်ကျည်ပွေ့ဖြင့် ဖွဖွထုပေးခြင်းဖြင့် ငါးဖယ်အသာများ ကျစ်လာပါမယ်။ ပြီးရင် ဗိုက်သားဖက်ကနေ ဆူးတောင်ဖက်တွန်းနှိပ်နှိပ်ပြီး အရိုးများကို အမြှောင်းလိုက် ပြုတ်နေစေပါမယ်။ ပြီးမှ တစ်ကောင်ကို သုံးပိုင်းပိုင်းကာ ဆားများများ (တော်တော်များများ)ဖြင့် ဆုပ်နယ်ပေးရပါမယ်။ နယ်ပြီးသားငါးများကို ဆန်ခါခံပေါ်တင်ကာ အောက်က ဇလုံတစ်ခုခံပြီး ငါးအသားတုံးများပေါ် အဝတ်ပါး (သို့) ပလတ်စတစ် Cling Film အုပ်ပြီး အလေးဖိထားရပါမယ်။ အနည်းဆုံး ၁ဝ နာရီ ဖိထားပါတယ်။ မနက်ချက်မယ်ဆို ညကတည်းက ဖိထားပေးပါ။ ဒါမှ အသားများကျစ်ပြီး ဆားဝင်နေမှာပါ။

၃။        ချက်တော့မယ်ဆိုရင် ကြက်သွန်နီ၊ ဖြူ၊ ချင်း၊ ငရုတ်သီးတို့ကို ညက်နေအောင် ထောင်းထားပေးရပါမယ်။

၎။        ငါးများကို ရေဖြင့် ဆေးချပေးထားပါ။

၅။        ဆီအိုးတည်ပြီး ကြက်သွန်နီ၊ ငရုတ်သီးအထောင်းကို နနွင်းအနည်းငယ်ထည့်ပြီး စပါးလင်ထည့်ကာ ဆီသတ်ပေးပါ။ ကြက်သွန်လည်း ကျက်ပြီး ကြွပ်လာပြီး မွှေးလာပြီဆိုရင်ဖြင့် ငါးများကိုထည့်ကာ ခဏမျှလုံးပေးပါ။ ပြီးရင် ရေထည့်ပေးရပါမယ်။

၆။        ရေထည့်တဲ့အခါ ချင်းအနည်းငယ် ၂ဝဝာူ ခန့်ထည့်ပါ။ အဖုံးအုပ်ပေးပါ။ ငါးအသားမှုန့်ပဲ ထပ်ထည့်ပါမယ်။ အငန်ဓာတ်ကဲပြီးသားမို့ အငန်မထည့်တော့ပါ။ ရေနည်းနည်းခန်းလာရင် နောက်တစ်ကြိမ် 200 ml ထည့်ပြီး ပွက်လာရင် ပင်စိမ်းအုပ်ပြီး ရေကျဲကျဲနေနဲ့ပဲ မီးပိတ်ပါမယ်။

၇။        အခုဆိုရင် ငါဖယ်ငါးပိကောင်ကို ရေကျဲဟင်းမွှေးမွှေး ခပ်စပ်စပ်လေး ထမင်းပူပူနဲ့ တွဲစားရန် အဆင်သင့်ဖြစ်ပါပြီ။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments