ငါးပတ် ငါးပိကောင်ချက်

by My Foodies for Food Magazine

          ငါးပတ်ငါးပိကောင်ကို ဈေးမှာ အလွယ်တကူ ဝယ်လို့ ရသလို သန့်စင်တဲ့ ငါးပတ်ကွင်းများကို ဆားနယ်၊ အလေးဖိပြီး

၃ ရက်ခန့် သန့်သန့်လေးထားပြီးရင်လည်း အိမ်လုပ် ငါးပိကောင် ကောင်းကောင်းရပါတယ်။ ဘယ်လိုပဲလုပ်လုပ် ရလာတဲ့ ငါးပိ ကောင်မှာ ဗက်တီးရီးယားပိုး ပေါက်နှုန်းများလို့ ရေစင်အောင် ဆေးပါတယ်။ ကျွန်တော့် ချက်နည်းမှာ ရေဆေးတဲ့အပြင် ရေနွေးဆူဆူကျိုပြီး ၃ မိနစ်ခန့် စိမ်ထားလိုက်ပါသေးတယ်။

ပါဝင်ပစ္စည်းများ

ငါးပတ် ငါးပိကောင် –  ၁ ကွင်း (၂ဝ ကျပ်သား)

နနွင်း –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ကြက်သွန်နီ –  ၂ လုံး

ကြက်သွန်ဖြူ –  ၆ မြွှာ

ခရမ်းချဉ်သီး –  ၃ လုံး (အစေ့ဖယ်၊ အတုံးသေးသေးလှီးပြီး)

စပါးလင် –  ၁ ပင် (အတွင်းသားပါးပါးလှီးပြီး)

ငါးမဆလာ –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ဆီ –  စားပွဲဇွန်း ၃ ဇွန်း

ငရုတ်သီးစိမ်း –  ၃ တောင့် (ပါးပါးလှီးပြီး)

ပြုလုပ်နည်းအဆင့်ဆင့်

၁။  သန့်စင်ပြီးသား ငါးပတ်ကွင်းကို နနွင်းမှုန့် အနည်းငယ်ယူပြီး နယ်နှပ်ထားပါ။

၂။  ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ စပါးလင်အတွင်းသားနှင့် ငါးမဆလာတို့ကို ရောပြီး ကြိတ်ပါ။

၃။  ဆီအိုးအပူပေးပြီး ကြိတ်ထားသော အနှစ်များကို ဆီသတ် ပေးပါ။ ခရမ်းချဉ်သီးများ ထည့်မွှေပေးပါ။

၎။  ခရမ်းချဉ်သီးများကြေအောင် ရေနွေးအနည်းငယ် လိုက်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကြေလျှင် နယ်ထားသော ငါးပိကောင်ထည့်ပေးပါ။ ရေနွေး အနည်းငယ်ထည့်ပြီး အဖုံးအုပ်ပြီး တည်ပေးပါ။ အကွင်းလိုက်အတုံးမတုံးဘဲ ချက်တဲ့အတွက်  အပေါ်အောက် လှန်ပေးပါတယ်။ ရေနွေးခန်းပြီး ဆီပြန်လျှင် လှီးထားသော ငရုတ်သီးစိမ်းများထည့်ကာ ခဏမွှေပေးပြီး သုံးဆောင်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments