ငါးစင်ရိုင်းမဆလာချဉ်စပ်

by Myint Oo Tha for Food Magazine

          ငါးဟင်းဆိုလျှင် တော်တော်များများက ဆီပြန်ပြီး အနှစ်နည်းနည်းနဲ့ပဲ ချက်ကြတယ်။ ကျွန်တော်ကတော့ ဆီနည်းပြီး အနှစ်များများနဲ့ ချက်လေ့ရှိပါတယ်။ ပြီးတော့ အခုလို မန်ကျည်းရည်နဲ့ ချဉ်ပြီး မဆလာမွှေးမွှေးလေးနဲ့ချက်တဲ့ ငါးဟင်းကို ပိုပြီး သဘောကျပါတယ်။

ပါဝင်ပစ္စည်းများ

ငါးစင်ရိုင်း  –  ၂၅၀ ဂရမ်

ဂေါ်ရင်ဂျီမဆလာအစပ်  –  စားပွဲဇွန်း ၁ ဇွန်း

စပါးလင်  –  ၂ ချောင်း (ဓားပြားရိုက်ထားပါ)

မန်ကျည်းမှည့်ရည်  –  စားပွဲဇွန်း ၅ ဇွန်း

နံနံပင်  –  ၂ ပင်

ငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း

အသားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆီ  –  စားပွဲဇွန်း ၃ ဇွန်း

ရေ  –  ၁၀ဝ မီလီလီတာ

အနှစ်အတွက်ထောင်းရန် လိုအပ်တာတွေကတော့…

ကြက်သွန်နီ  –  ၁၂၀ ဂရမ်

ကြက်သွန်ဖြူ  –  ၂၀ ဂရမ်

ငရုတ်သီးမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။       အနှစ်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ကို ရောပြီး ထောင်းပါ။

၂။       ပြီးလျှင် ထောင်းတဲ့အနှစ်ကို ဆီသတ်ပါ။ စပါးလင်ပါထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာသည်နှင့် ဂေါ်ရင်ဂျီမဆလာကို ရေအနည်းငယ်နှင့် ဖျော်ပြီး ထည့်မွှေပေးပါ။

၃။       ပြီးလျှင် ရေနှင့် မန်ကျည်းရည်ထည့်ပါ။

၎။       ရေဆူလာသည်နှင့် ငါးထည့်ပါ။

၅။       ပြီးလျှင် ငံပြာရည်နှင့် အသားမှုန့် ထည့်ပါ။

၆။       ငါးနူးပြီး ဆီပြန်လျှင် နံနံပင်အုပ်ပြီးလျှင် အဆင်သင့်ဖြစ်ပါပြီ။

www.facebook.com/Myint Oo Tha

Facebook Comments