
19 - February - 2018
ငါးကွမ်းရှပ် ရေညှိလိတ်နှင့် ကင်မ်ချီပန်ကိတ် (Nori Wrapped Saba with Kim-Chi Pancake)
by Chef Sunny for Food Magazine
ဒီလမှာ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်တဲ့ ဟင်းလျာအတွဲလေး နောက်တစ်မျိုးကတော့ ဂျပန်နှင့် ကိုရီးယား အစားအစာနှစ်မျိုးကို အခြေခံပြီး ပြင်ဆင်ထားတဲ့ “ငါးကွမ်းရှပ် ရေညှိလိတ်နှင့် ကင်မ်ချီပန်ကိတ်” တို့ပါပဲ။ ငါးကွမ်းရှပ်ကို အချဉ်စိမ်ထားတဲ့ အသင့်စား ငါးကွမ်းရှပ်ချဉ်ကို အသုံးပြုထားတာမို့  အရသာ ထူးခြားပါတယ်။ အပ်မှိုကို ငါးကွမ်းရှပ်ချဉ်လေးနဲ့လိတ်ပြီး ရေညှိရွက်လေးနဲ့ အပေါ်ကပြန်ပတ်ထားတာမို့ အမြင်မှာလည်း ဆန်းပြီး အရသာမှာလည်း အလွန်ထူးခြားပါတယ်။ ဂျပန် ပဲငံပြာရည်၊ ဂျပန် ငါးငံပြာရည်တို့နဲ့ တွဲဖက်ပြင်ဆင်ထားတာမို့ အနံ့၊ အရသာကတော့ ဂျပန်အစားအစာ စစ်စစ်ပါပဲ။ တွဲဖက်ပြင်ဆင်ထားတဲ့ ကင်မ်ချီပန်ကိတ်ကတော့ ကိုရီးယားစတိုင် အသင့်စား ပန်ကိတ်တစ်မျိုးပါ။ ကဲ … ဂျပန်နဲ့ ကိုရီးယားအစားအစာလေးတွေကို အခြေခံပြီး “ငါးကွမ်းရှပ် ရေညှိလိတ်နှင့် ကင်မ်ချီပန်ကိတ်” လေး ပြင်ဆင်ကြည့်ကြရအောင်။ OK …
ငါးကွမ်းရှပ်ရေညှိလိပ်
ပါဝင်ပစ္စည်းများ
ငါးကွမ်းရှပ် – ၁၅ ကျပ်သား
ရေညှိရွက် – အနည်းငယ်
ရွှေအပ်မှို – ၅ ကျပ်သား
ကုဆိုင် – အနည်းငယ်
ဂျပန်ဆန်ရှလကာရည် – ၂ ဇွန်း
ဂျပန်ငါးငံပြာရည် – ၁ ဇွန်း
သံလွင်ဆီ – ၁ ဇွန်း
ဂျပန်ပဲငံပြာရည် – ၁ ဇွန်း
ပျားရည် – ၁ ဇွန်း
နှမ်းဆီမွှေး – အနည်းငယ်
ငရုတ်ကောင်းချဉ် – အနည်းငယ်
သံပရိုသီး – ၁ စိတ်
ချက်ပြုတ်ပုံအညွှန်း
၁။ ငါးကွမ်းရှပ်အသားလွှာကို ရွှေအပ်မှိုနှင့် တွဲ၍ ရေညှိရွက်ဖြင့် လိပ်ထားပါ။
၂။ အသင့်လိပ်ထားသော ငါးကွမ်းရှပ် အသားလွှာကို သံလွင်ဆီ အနည်းငယ်နှင့် အိုးကပ်ကြော်ပြီး အရသာကို ဂျပန်ဆန်ရှလကာရည်၊ ဂျပန်ငါးငံပြာရည်၊ ဂျပန် ပဲငံပြာရည်၊ ပျားရည်တို့နှင့် ထိန်းညှိထားပါ။
၃။ အသင့်ချက်ပြီးသော ငါးကွမ်းရှပ် ရေညှိလိပ်ကို ကုဆိုင်နှင့် နှမ်းဆီမွှေး အနည်းငယ် အုပ်၍ ငရုတ်ကောင်းချဉ်၊ သံပရိုသီးအနည်းငယ်တို့ဖြင့် တည်ခင်းပါ။
ကင်(မ်)ချီပန်ကိတ်
ပါဝင်ပစ္စည်းများ
ကင်(မ်)ချီပန်ကိတ် – ၅၀ဝ ဂရမ်
မုန်ညင်းစိမ်း – ၁ စည်း
ကြက်သွန်ချဉ် – အနည်းငယ်
သံလွင်ဆီ – ၂ ဇွန်း
ချက်ပြုတ်ပုံအညွှန်း
၁။ အသင့်သန့်စင်ထားသော မုန်ညင်းစိမ်းကို ရေနွေးတွင် ၁ မိနစ်ခန့်ပြုတ်ထားပါ။
၂။ ဒယ်အိုးတွင် သံလွင်ဆီအနည်းငယ်ကို အပူပေးပြီး အသင့်စား ကင်(မ်)ချီပန်ကိတ်ကို အနည်းငယ်ပူအောင် ကြော်ပေးပါ။ ကြက်သွန်ချဉ် အနည်းငယ်ပါ ထည့်ကြော်ပါ။
၃။ အသင့်ကြော်ထားသော ကင်(မ်)ချီပန်ကိတ်ကို လှီး၍ အသင့်ပြုတ်ထားသော မုန်ညင်းစိမ်း၊ ကြက်သွန်ချဉ်တို့နှင့် တွဲဖက်တည်ခင်းပါ။