ငါးကွမ်းရှပ်ကာရီဟင်းနှင့် မုန်လာဥဖြူ၊ ကညွတ်နှင့် ရှီမေ့ဂျိမှိုချက်

by Chef Sunny for Food Magazine

          ဒီလအတွက် ပရိသတ်များကို ဖော်ပြပေးလိုတဲ့ ဟင်းလျာအတွဲလေးကတော့ “ငါးကွမ်းရှပ်ကာရီဟင်းနှင့် မုန်လာဥဖြူ၊ ကညွတ်နှင့်  ရှီမေ့ဂျိမှိုချက်” တို့ပဲ ဖြစ်ပါတယ်။ ငါးကွမ်းရှပ် အသားလွှာကို ဂျပန်ကာရီအနှစ်နဲ့ ခရမ်းချဉ်သီး၊ မုန်လာဥဖြူ၊ ဆလရီရိုး၊ ရှီမေ့ဂျိမှိုတို့ကို ရောချက်ပြီး ပျဉ်းတော်သိမ်ရွက် အနည်းငယ်အုပ်ထားလို့ ဂျပန်ကာရီရဲ့ ချိုစိမ့်တဲ့အရသာကို ပိုမိုပေါ်လွင်စေပါတယ်။ မုန်လာဥဖြူ၊ ရှီမေ့ဂျိမှိုနဲ့ ကညွတ်တို့ကိုလည်း ဂျပန်တန်ပူရာဆော့စ်နဲ့ ငါးငံပြာရည်တို့ကိုရောစပ်ကာ နှမ်းဆီမွှေးလေး အုပ်ပြီး ချက်ထားတာမို့ အရသာကို ထူးခြားစေပါတယ်။ ပြင်ဆင်ဖို့ လွယ်ကူပြီး အရသာထူးခြားတဲ့ ဂျပန်အစား အစာအနံ့အရသာကို အခြေခံပြင်ဆင်ထားပါတယ်။ ကဲ… ထူးခြားတဲ့ “ငါးကွမ်းရှပ်ကာရီဟင်းနှင့် မုန်လာဥဖြူ၊ ကညွတ်နှင့် ရှီမေ့ဂျိမှိုချက်”လေး ချက်ကြည့်ကြရအောင်။ OK…

ငါးကွမ်းရှပ်ကာရီဟင်းနှင့် မုန်လာဥဖြူ

ပါဝင်ပစ္စည်းများ

ငါးကွမ်းရှပ်အသားလွှာ  –  ၃၅၀ ဂရမ်

ဆလရီရိုး  – ၂ ချောင်း

မုန်လာဥဖြူ  –  ၁/၂ လုံး

ရှီမေ့ဂျိမှို  –  အနည်းငယ်

ကြက်သွန်နီ  –  ၁/၂ လုံး

ကြက်သွန်ဖြူ – ၃ မြွှာ

ပျဉ်းတော်သိမ်ရွက်  –  အနည်းငယ်

ထောပတ်  –  ၁ ဇွန်း

ဂျပန်ကာရီအနှစ်  –  ၁၀ဝ ဂရမ်

ရေနွေး  –  ၂၀ဝ မီလီလီတာ

ချက်ပြုတ်နည်း

၁။       ငါးကွမ်းရှပ် အသားလွှာကို အတုံးကြီးကြီးလှီးပြီး ဆလရီရိုး၊ ခရမ်းချဉ်သီး၊ မုန်လာဥဖြူ၊ ရှီမေ့ဂျိမှို၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို လှီးထားပြီး မုန်လာဥဖြူကို ရေစိမ်ထားပါ။

၂။       ဒယ်အိုးကို အပူပေးပြီး ထောပတ်အနည်းငယ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့နှင့် ဆီသတ်၍ ပျဉ်းတော်သိမ်ရွက်၊ ဂျပန်ကာရီအနှစ်တို့ကို ရေနွေးအနည်းငယ်ဖြင့် ဟင်းအနှစ်ရအောင် ချက်ထားပါ။

၃။       ဟင်းအနှစ်ဆူလျှင် အသင့်လှီးပြီး ရေစိမ်ထားသော မုန်လာဥဖြူ ထည့်ချက်၍ ငါးကွမ်းရှပ်အသား လွှာနှင့် တွဲချက်ထားပါ။

၎။       မုန်လာဥဖြူနူးလျှင် အသင့်လှီးထားသော ဆလရီရိုး၊ ခရမ်းချဉ်သီးနှင့် ရှီမေ့ဂျိမှိုများ ထည့်ချက်ပြီး တည်ခင်းပါ။

ကညွတ်နှင့် ရှီမေ့ဂျိမှိုချက်

ပါဝင်ပစ္စည်းများ

ထောပတ်  –  ၁ ဇွန်း

ကြက်သွန်ဖြူ  –  ၃ မြွှာ

တန်ပူရာဆော့စ်  –  ၅ ဇွန်း

ဂျပန်ငါးငံပြာရည်  –  ၁ ဇွန်း

ရေနွေး  –  ၂၀ဝ မီလီလီတာ

မုန်လာဥဖြူ  –  ၁/၂ လုံး

ရှီမေ့ဂျိမှို  –  အနည်းငယ်

ကညွတ်  –  ၅ ချောင်း

ကြက်သွန်မြိတ်  –  ၅ ပင်

နှမ်းဆီမွှေး  –  အနည်းငယ်

ချက်ပြုတ်နည်း

၁။       ထောပတ်နှင့် ကြက်သွန်ဖြူကို ဆီသတ်ကာ တန်ပူရာဆော့စ်၊ ဂျပန်ငါးငံပြာရည်နှင့် ရေနွေး အနည်းငယ်ရောချက်ပြီး အသင့်လှီးထားသော မုန်လာဥဖြူကို ထည့်ချက်ထားပါ။

၂။       မုန်လာဥဖြူအနည်းငယ်နူးလျှင် ရှီမေ့ဂျိမှိုနှင့် အသင့်လှီးထားသော ကညွတ်ထည့်ချက်ပါ။

၃။       ကြက်သွန်မြိတ်နှင့် နှမ်းဆီမွှေးအနည်းငယ်အုပ်ပြီး တည်ခင်းပါ။

Facebook Comments