ဂျပန်တိုဟူး ကိုက်လန်ကြော်

by Meemeetofu for Food Magazine

          ဂျပန်တိုဟူးကို မချက်စားဖြစ်တာ ၁၅ နှစ်လောက်ရှိမလားပဲ။ ဘာရယ်ကြောင့်မသိ မဝယ်ဖြစ်၊ မချက်ဖြစ်ဘူး။ တစ်ရက်ကတော့ အိမ်မှာစိုက်ထားတဲ့ ကိုက်လန်အညွန့်လေးတွေ ဆိတ်ပြီး တိုဟူးနဲ့ ကြော်မယ်လေဆိုပြီး ဝယ်ခဲ့တယ်။ သက်သတ်လွတ်ဟင်းလေးတစ်ခွက် ဆိုတော့ ဝါတွင်းသက်သတ်လွတ်စားသူတို့အတွက်လည်း အဆင်ပြေမယ်လေ။ လူတကာ ချက်တတ်နေတဲ့ လွယ်ကူတဲ့ ဟင်းပွဲလေးကို ချက်နည်းရေးတယ်ဆိုတာထက် ချက်နေရင်း သတိထားမိတဲ့ အတွေ့အကြုံကို ဟင်းချက်ခါစ အိုးသူကြီးလေးတွေအတွက် မျှဝေချင်တာပါ။

ပါဝင်ပစ္စည်းများ

ကိုက်လန် အညွန့်နုနု  –  အပိုင်း   ၄-၅ ခက်

ဂျပန်တိုဟူး  –  ၁ တောင့်

ဆီ  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၄ မြွှာ

နှမ်းဆီမွှေး  –   အနည်းငယ်

ဆား  –  သင့်ရုံ

သကြား  –  အနည်းငယ်

ပဲငံပြာရည် အကျဲ  –  အနည်းငယ်

ပဲငံပြာရည်အပျစ်  –  အနည်းငယ်

ကော်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ရေ  –  ၁၀ဝ မီလီလီတာခန့်

ချင်းပါးပါး  –  ၂ ပြား

ကြော်နည်း

၁။       ခွက်တစ်ခုထဲ ဆော့စ်ပြုလုပ်ရန် ပါဝင်ပစ္စည်း ၅ မှ ၁၁ အထိ ရောမွှေထားပါ။

၂။       ကိုက်လန်ပင်က ရင့်တဲ့အပိုင်းတွေကို ဖယ်ထုတ်ကာ နုတဲ့အပိုင်းတွေကို ရေဆေးပြီး နှစ်သက်ရာအရွယ် ဖြတ်ထားပါ။ အရိုး၊ အရွက် သီးသန့်ခွဲထားပါ။

၃။       ရေဆူထဲ ဆားထည့်ပြီး ကိုက်လန်အရိုးကို အရင်ထည့်ပြုတ်ပါ။ စက္ကန့်  ၃၀ အကြာမှာ အရွက်များ ထည့်ပြုတ်ပါ။ အရွက်အရောင်ပြောင်းသွားသည်နှင့် အရိုးရော အရွက်ပါ ဆယ်ယူပါ။ ရေအေးလောင်းချဆေးပြီး ဆန်ခါမှာ ရေစစ်ထားပါ။

၎။       ဒယ်အိုးထဲ ဆီ အနည်းငယ်ထပ်ထည့်ပါ။ မကပ်တဲ့အိုး/ဆီဝနေတဲ့ ဒယ်ပြားကို သုံးပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ကာ ကြမ်းကြမ်းစဉ်းပြီး ကြော်ပါ။  ကြွပ်ပြီး မွှေးလာလျှင် ခပ်ပြီး ဆယ်ယူထားပါ။

၅။       တိုဟူးကို အကွင်းလေးများ လှီးထားပါ။ မကြေအောင် သတိထားလှီးပါ။ ကြက်သွန်ဖြူကြော်ထားတဲ့ အိုးထဲ တိုဟူးတုံးလေးများ ထည့်ကြော်ပါ။ မီးပြင်းလျှင် တိုဟူးမှ ရေများထွက်လာပြီး  တိုဟူးကြေတတ်ပါတယ်။ မီးပျော့ပျော့ဖြင့် တိုဟူး အနားသားလေးများ တင်းလာအောင် ကြော်ပါ။ တစ်ဖက်ကျက်လျှင် နောက်တစ်ဖက်ကို လှန်ပေးပါ။ လှန်ပေးတဲ့အချိန်မှာ မျက်နှာပြင်တင်းနေတဲ့ဘက်က အလွယ်တကူ မကြေတော့ပေမယ့် အသားမတင်းသေးတဲ့ နောက်တစ်ဖက်ကတော့ အလွယ်တကူ ကြေနိုင်ပါတယ်။ တိုဟူးပြားတစ်ခုစီကို ဂေါ်ပြားလေးနဲ့ အသာအယာ အိုးနှုတ်ခမ်း ဘောင်ပေါ် ကော်တင်ပေးပြီး မကျက်သေးတဲ့ဘက်ကို ဒယ်အိုးထဲ အသာအယာ လှန်ချပေးပါ။ မျက်နှာပြင် ၂ ဖက်စလုံး အသားတင်းသွားလျှင် ဆယ်ယူပြီး ပန်းကန်ထဲ ထည့်ပါ။ ရေစစ်ထားတဲ့ ကိုက်လန်ထည့်ပါ။

၆။       ဆီကျန်မှာ ချင်းကို ပါးပါးနုပ်နုပ်စဉ်းပြီး ထည့်ကြော်ပါ။ အသင့်ဖျော်ထားသော ဆော့စ်ကို မွှေပေးပြီး ပျစ်သွားလျှင် ကိုက်လန်အရွက်နဲ့ ပဲပြားပေါ်လောင်းချပါ။ ကြက်သွန်ဖြူကြော်ဖြူးပြီး ပူပူနွေးနွေး သုံးဆောင်ပါ။

Facebook Comments