ဂျပန်စတိုင် ဟန်ဘာဂါ အသားညှပ်ပေါင်မုန့်နဲ့ ဆလတ်ရွက်သုပ် (Japanese Ham Burger)

by Chef Sunny for Food Magazine

          ပရိသတ်များကို ဒီလမှာ ဖော်ပြပေးလိုက်တဲ့ အစားအစာ အတွဲလေးကတော့ တစ်ကမ္ဘာလုံး နှစ်ခြိုက်စွာ စားသုံးကြတဲ့ ဟန်ဘာဂါ အသားညှပ်ပေါင်မုန့်ကို ဂျပန်စတိုင်နဲ့ တမူ ထူးခြားစွာ ပြင်ဆင်ထားတဲ့ “ဂျပန်စတိုင် ဟန်ဘာဂါ အသားညှပ်ပေါင်မုန့်နဲ့ ဆလတ်ရွက်သုပ် ” လေးပါပဲ။ ဝက်သားနဲ့ အမဲသား နှစ်မျိုးရောပြီး ပြင်ဆင်ထားတာကတော့ ဟန်ဘာဂါအသားကို နူးညံ့ပြီး အချိုလေးစေရန်နဲ့ ပရိုတင်းဓာတ်ပါဝင်မှုများပြီး အာဟာရပြည့်စေရန်အတွက်ဖြစ်ပါတယ်။ အမဲသား၊ ဝက်သား၊ ကြက်သားတို့ကို သီးသန့် အသုံးပြုပြီးလည်း ဟန်ဘာဂါ အသားကို ပြင်ဆင်နိုင်ပါတယ်။ အကယ်၍ အသား တစ်မျိုးထဲကို ဟန်ဘာဂါအသား ပြင်ဆင်လိုပါက အသား ၈၀% နှင့် အဆီ ၂၀% ရောပြီး ပြင်ဆင်သင့်ပါတယ်။ အသားနဲ့အဆီကိုရောပြီး ပြင်ဆင်မှ နူးညံ့ပြီး အနံ့၊ အရသာနဲ့ ပြည့်စုံတဲ့ ဟန်ဘာဂါ အသားပြား ရရှိနိုင်ပါတယ်။ ဂျပန်စတိုင်ကတော့ အသားကို ကြက်သွန်နီ၊ ဂေါ်ဖီထုပ်တို့နဲ့ရောပြီး ပြင်ဆင်ကြပါတယ်။ ဟန်ဘာဂါ အသားပြားကိုလည်း ဂျပန် တာရီယာကီ ဆော့စ်နဲ့  ချက်ထားတာမို့ အရသာပိုပြီးထူးခြားကောင်းမွန်ပါတယ်။ ထုံးစံအတိုင်း ဟန်ဘာဂါဆိုရင် ဆလတ်ရွက်သုပ်လေးနဲ့ အမြဲလိုက်ဖက်ပါတယ်။ ကဲ … တမူ ထူးခြားတဲ့ “ဂျပန်စတိုင် ဟန်ဘာဂါအသားညှပ်ပေါင်မုန့်နဲ့ ဆလတ်ရွက်သုပ်” လေး ပြင်ဆင်ကြည့်ကြရအောင်။ Ok …

ဂျပန်ဘာဂါ

ပါဝင်ပစ္စည်းများ

ဝက်သားစဉ်းကော  –  ၂၀ဝ ဂရမ်

အမဲသားစဉ်းကော  –  ၂၀ဝ ဂရမ်

ကြက်သွန်နီ  –  ၂ လုံး

ခရမ်းရောင် ဂေါ်ဖီထုပ်  –  ၁ စိတ်

ထောပတ်  –  ၁ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကြက်သားမှုန့်  –  အနည်းငယ်

နွားနို့  –  ၇ ဇွန်း

ကြက်ဥ  –  ၁ လုံး

သံလွင်ဆီ  –  ၂ ဇွန်း

တာရီယာကီဆော့စ်  –  ၁၀ဝ မီလီလီတာ

တန်ပူရာဆော့စ်  –  ၁၀ဝ မီလီလီတာ

ဘာဂါပေါင်မုန့်  –  ၁ လုံး

ချိစ်အပြား  –  ၅ ပြား

ချက်ပြုတ်ပုံအညွှန်း

၁။       ကြက်သွန်နီနှင့် ခရမ်းရောင် ဂေါ်ဖီထုပ်တို့ကို နုပ်နုပ်စဉ်းပြီး ထောပတ်နှင့် ဆီသတ်ကြော်ပါ။

၂။       အရသာကို ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်တို့ဖြင့် ထိန်းညှိပါ။

၃။       အသင့်စဉ်းထားသော ဝက်သားစဉ်းကောနှင့် အမဲသားစဉ်းကောတို့ကို ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ အသင့်ကြော်ထားသော ခရမ်းရောင်ဂေါ်ဖီထုပ်၊ နွားနို့၊ ကြက်ဥတို့နှင့် ရောနယ်ပြီး ဘာဂါအသားပုံသွင်းထားပါ။

၎။       ဒယ်အိုးတွင် သံလွင်ဆီအနည်းငယ်ကို အပူပေးပြီး အသင့်ပုံသွင်းထားသော ဘာဂါအသားကို အိုးကပ်ကြော်ပါ။

၅။       ဘာဂါအသား အနည်းငယ်ကျက်လျှင် တာရီယာကီဆော့စ်နှင့် တန်ပူရာဆော့စ် ထည့်ချက်ထားပါ။ အသားကျက်လျှင် ချိစ်အပြားအုပ်၍ အဆုံးသတ်ပါ။

၆။       ဘာဂါပေါင်မုန့်ကို ထက်ခြမ်းလှီးပြီး ထောပတ်အနည်းငယ်နှင့် ဒယ်အိုးတွင် အပူပေးထားပါ။

၇။       အသင့်အပူပေးထားသော ပေါင်မုန့်နှင့် ဆလတ်ရွက် အနည်းငယ်ခင်းပြီး ဘာဂါ အသား၊ ခရမ်းချဉ်သီး၊ သခွားသီး၊ မာ့စတတ်ဆော့စ် အနည်းငယ်ဖြင့် လည်းကောင်း၊ အသင့် သုပ်ထားသော ဆလတ်သုပ်နှင့် ဘာဂါအသားကို တွဲဖက်၍လည်း တည်ခင်း နိုင်ပါသည်။

ဆလတ်ရွက်သုပ်

ပါဝင်ပစ္စည်းများ

ဆလတ်ရွက်နီ  –  အနည်းငယ်

ဆလတ်ရွက်စိမ်း  –  အနည်းငယ်

ခရမ်းရောင် ဂေါ်ဖီထုပ်  –  အနည်းငယ်

ကြက်သွန်နီ  –  ၁ လုံး

ခရမ်းချဉ်သီး  –  ၂ လုံး

သခွားသီး  –  ၁ လုံး

မရောနိစ်ဆော့စ်  –  ၂ ဇွန်း

မာ့စတတ်ဆော့စ်  –  ၁ ဇွန်း

ချက်ပြုတ်ပုံအညွှန်း

၁။       ဆလတ်နီနှင့် ဆလတ်စိမ်း၊ ခရမ်းရောင်ဂေါ်ဖီထုပ်၊ ကြက်သွန်နီတို့ကို သန့်စင်၍ လှီးထားပြီး ရေခဲရေတွင် စိမ်ထားပါ။

၂။       ခရမ်းချဉ်သီးနှင့် သခွားသီးတို့ကိုလည်း အကွင်းလိုက် လှီးထားပါ။

၃။       မရောနိစ်ဆော့စ်နှင့် မာ့စတတ်ဆော့စ်ကို ရောမွှေပြီး အသင့်လှီးပြီး ရေခဲရေ စိမ်ထားသော ဆလတ်ရွက်များကို ရေစစ်၍ ရောသုပ်ထားပါ။

၎။       အသင့်ချက်ထားသော ဂျပန်ဘာဂါကို ခရမ်းချဉ်သီး၊ သခွားသီးအနည်းငယ် အသင့်သုပ်ထားသော ဆလတ်ရွက်သုပ်တို့နှင့် တွဲဖက်တည်ခင်းပါ။

www.facebook.com/Sunny Angelo

Facebook Comments