ဂျပန်ချင်းနု (Japanese Ginger)

ဂျပန်ချင်းနုခေါ် ချင်းချဉ်ကိုတော့ များသော အားဖြင့် ဆူရှီနှင့် တွဲဖက်စားလေ့ရှိကြပါတယ်။ ပုံမှန် ထမင်းဝိုင်းမှာလည်း အချဉ်တစ်ခွက်အနေနဲ့ ထမင်း မြိန်စေဖို့ တွဲဖက်တည်ခင်းနိုင်ပါတယ်။ ချိုချဉ်အရသာ လေးမို့ ဒီအတိုင်းစားရတာလည်း နှစ်သက်မိပါတယ်။ ပြုလုပ်ရလွယ်ကူပြီး ကြာရှည်သိမ်းဆည်းထားနိုင်ပါ တယ်။ စားကောင်းလို့ တာရှည်သိမ်းတဲ့အဆင့်အထိ မရောက်ဘဲ ကုန်သွားတာက များပါတယ်။ ညီမ ယွန်းဖူး ပို့ပေးလာတဲ့ ချင်းနုလေးနဲ့ လုပ်စားဖြစ်တဲ့ ဂျပန်ချင်းနုလေး ဖြစ်ပါတယ်။ လုပ်စားကြည့်ရ အောင်နော်။

ပါဝင်ပစ္စည်းများ

  • ချင်းနု –  ၃၀ဝ ဂရမ်
  • ဆန်ရှလကာရည် –  ၁ ခွက် (၂၅၀ မီလီလီတာ)
  • ရေ –  ၁/၂ ခွက် (၁၂၅ မီလီလီတာ)
  • သကြား –  ၅၀ ဂရမ်
  • ဆားကြမ်း –  ၁ ဇွန်း

ပြုလုပ်နည်း

၁။       ချင်းနုကို ရေဆေးသန့်စင်၍ အပေါ်ယံအခွံပါးလေးများကို ဇွန်းနှင့် ခြစ်ပြီး ရေဆေးထားပါ။

၂။       ရေဆေးပြီး စစ်ထားသော ချင်းနုကို ပါးပါးလှီးဖြတ်ထားပြီး ဆားဖြင့် နယ်ထားပါ။

၃။       ဆားနယ်ထားစဉ် အိုးသေးသေးတစ်အိုးဖြင့် ရေ၊ သကြားနှင့် ဆန်ရှလကာရည်တို့ကို ထည့်ပြီး ဆူပွက်အောင် တည်ပါ။

၎။       ဆားနယ်ထားသော ချင်းနုပျော့သွားပါက ရေညှစ်ပြီး ပန်းကန်တစ်ချပ်ထဲ ထည့်ပါ။

၅။       ကျိုထားသောအချဉ်ရည်ကို လောင်းထည့်ပြီး သမအောင် မွှေပါ။

၆။       ချင်းနုမှာ ပန်းရောင်ဖျော့ဖျော့ အရောင်ပြောင်းသွားပြီး သမသွားပါက အအေးခံကာ လေလုံသောပုလင်းထဲ ထည့်၍ ရေခဲသေတ္တာထဲ ထည့်ပြီး ၃ ရက်ခန့်မှာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။

ဆန်ရှလကာရည်မရှိပါက ပန်းသီးရှလကာရည်၊ ရိုးရိုး ရှလကာရည်ကို အသုံးပြုနိုင်ပါတယ်။ အနံ့အနည်းငယ် ကွာခြားမှာ ဖြ စ်ပါတယ်။

သံပရာရည်ကို အသုံးပြုနိုင်သော်လည်း တာရှည်မခံ၍ ရက်အနည်းငယ်ထားပြီး သုံးဆောင်နိုင်ပါတယ်။

တာရှည်ထားပြီး သုံးဆောင်နိုင်ရန် အသုံးပြုတဲ့ ဇွန်းကို သန့်ရှင်းခြောက်သွေ့ဖို့ အရေးကြီးပါတယ်။

ချင်းအပေါ်ကို အချဉ်ရည်ဖုံးနေဖို့ လိုအပ်ပါတယ်။

Facebook Comments