ဂေါ်ရခါးသီးသုပ် (သက်သတ်လွတ်)

by Myint Oo Thar for Food Magazine

လွန်ခဲ့တဲ့နှစ်တွေ အများကြီးက အိမ်မှာ ကုလားပဲဟင်းချက်တဲ့နေ့ ဒံပေါက်ဆွမ်းကပ်ပြီး အလှူလုပ်တဲ့အခါတိုင်း အအီပြေ ဂေါ်ရခါးသီးသုပ်လေ့ရှိပါတယ်။ အခုအချိန်အခါမှာ ဆိုရင်တော့ ဂေါ်ရခါးသီးသုပ်ကို စားရကောင်းမှန်းတောင် မသိကြတော့ပါဘူး။

ကျွန်တော်ကတော့ ကွာလာလမ်ပူမှာနေတုန်းက ဂေါ်ရခါးသီးသုပ်ကို မလေးရှား ဒံပေါက်နဲ့တွဲပြီး မီနူးမှာ ထည့်ပြီး ရောင်းပါတယ်။ မြန်မာဂေါ်ရခါးသီးသုပ်ဆိုပြီးတော့ပေါ့။ ရိုးရှင်း ပါတယ်။ ဂေါ်ရခါးသီးကို အမျှင်လိုက်လှီးပြီး ပူဒီနာ၊ ငရုတ်သီးအစိမ်းတောင့်အရှည်ကို  ပါးပါးလှီးထည့်၊ ကြက်သွန်နီပါးပါးလှီးထည့်ပြီးရင် ဆား၊ သံပရာရည်ညှစ်ထည့်ပြီး သုပ်ရုံပါပဲ။

အဲဒီလို မြန်မာဂေါ်ရခါးသီးသုပ်ကတော့ ပျောက်ကွယ်သွားပါပြီ။ အစားထိုး ဝင်ရောက်လာတာကတော့ ထိုင်းဂေါ်ရခါးသီးသုပ်ပါပဲ။ ဒီလမှာ ထိုင်းဂေါ်ရခါးသီးသုပ် သက်သတ် လွတ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ဂေါ်ရခါးသီး –  ၁ လုံး (၃ဝဝ ဂရမ်)

ပန်းသီးအစိမ်း –  ၁ ခြမ်း

မုန်လာဥနီ –  ၄၀ ဂရမ်

ကြက်သွန်မြိတ် –  ၂ ပင်

ခရမ်းချဉ်သီး –  ၁ လုံး

ချယ်ရီခရမ်းချဉ်သီး –  ၄ လုံး

မြေပဲလှော် –  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ –  ၂ မြွှာ

ငရုတ်သီးစိမ်း/နီ –  ၆ တောင့်

သံပရာရည် –  စားပွဲဇွန်း ၂ ဇွန်း

ပဲငံပြာရည် –  စားပွဲဇွန်း ၂ ဇွန်း

ထန်းလျက် (သို့) သကြား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နံနံပင်အမြစ် –  အနည်းငယ်

(သက်သတ်လွတ်မဟုတ်ရင် ပုစွန်ခြောက်ထည့်နိုင်ပြီး ပဲငံပြာရည်အစား ငံပြာ ရည်ကို သုံးပါ။ တူနာဘူးကို ဖောက်ပြီး တူနာငါးအသားနဲ့လည်း သုပ်နိုင်ပါတယ်။)

ပြုလုပ်နည်း

၁။        Slad Dressing အတွက် ကြက်သွန်ဖြူ၊ နံနံပင်အမြစ်နှင့် ငရုတ်သီးတို့ကို ရောပြီး ထောင်းပါ။ ပြီးလျှင် ထန်းလျက် (သို့) သကြားထည့်ပြီး ထောင်းပါ။ ပြီးလျှင် သံပရာရည်နှင့် ပဲငံပြာရည်ထည့်ပြီး မွှေပါ။

၂။         ဂေါ်ရခါးသီးနှင့် ပန်းသီးအစိမ်းကို အခွံနွှာပြီး အမြှောင်းသေးသေး လှီးထားပါ။ မုန်လာဥနီကို အခွံနွှာပြီး ခြစ်ဖြင့် ခြစ်ထားပါ။

၃။        ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်း၍ အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ။ ချယ်ရီခရမ်း ချဉ်သီးကို ထက်ခြမ်းခြမ်းထားပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။

၄။        ပြီးလျှင် အသုပ်သုပ်မည့် ဇလုံထဲ ထည့်ပါ။ အဆင်သင့်စပ်ထားတဲ့ Dressing လောင်းထည့်ပြီး မွှေပါ။ အချဉ်လိုပါက သံပရာသီးညှစ်ပြီး ထပ်ထည့်ပါ။

၅။        စားမည့်ပန်းကန်ထဲထည့်ပြီး မြေပဲလှော်ဖြူးပေးပါ။

Facebook Comments

Menu