ချိပ်ဆိုး ထမင်းသုပ်

by Meemeetofu for Food Magazine

          ဒီထမင်းသုပ်လေးကို ကေတုမတီသူ မမြမြမူက မကြာခဏ Facebook ပေါ်မှာ တင်လို့ တွေ့ခဲ့ဖူးပြီး မြည်းစမ်းကြည့်ချင်နေတာ ကြာလှပြီ။ ကံကောင်းချင်တော့ တောင်ငူခရီးစဉ်မှာ သူငယ်ချင်းတစ်အုပ်စုလုံးအတွက် ချိပ်ဆိုးထမင်းသုပ်လေး လုပ်ကျွေးတော့ တစ်ခါမျှမစားဘူးတဲ့ ထူးဆန်းလှတဲ့ ဒေသစာလေးကို စားခွင့်ကြုံခဲ့ပါတယ်။  ချိပ်လေးတွေကို လက်ဆောင်ပေးလိုက်လို့ အမေရိကန်အထိ သယ်လာခဲ့နိုင်ပြီး ကိုယ့်ဘာသာပြန်လုပ်စားဖြစ်လို့ မမြမြမူကို အများကြီး ကျေးဇူးတင်မိပါတယ်။

ပါဝင်ပစ္စည်းများ (၄ ပွဲစာ)

ဆန်  –  ချိန်ခွက် ၂ ခွက်

ချိပ် (ဆိုးဆေး)  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်

တိုဟူး  –  ၂၀ ကျပ်သား

နံနံပင်  –  ၁၀ ခက်

ငရုတ်သီးကြော်ထောင်း

ငံပြာရည်

မန်ကျည်းရည်

သကြား (သို့) ထန်းလျက်

ကြက်သွန်ဖြူဆီချက်

တွဲဖက်စားရန်

အမဲသားကြော်၊ ဝက်နံရိုးကြော်၊ ငါးသလဲထိုးကြော်

ငါးမုန့်ကြော်

ကြက်သွန်ဖြူ

ဂျူးမြစ်

ငရုတ်သီးခြောက်ကြော်

ပြုလုပ်နည်း

၁။       ချိပ်ဆိုးဆေးကို ရေဖြင့် တစ်ညစိမ်ထားပါ။ ရေမစိမ်ဘဲ ရေဆူဆူမှာ ထည့်ပြုတ်လိုက်လျှင် အချိန်တိုအတွင်းမှာ အရောင်ရနိုင်ပါတယ်။ အဖတ်တွေမပါအောင် ကော်ဖီစစ် (သို့) ပိတ်စိမ်းပါးသန့်သန့်နဲ့ ချိပ်ရည်ကို စစ်ယူထားပါ။

၂။       ဆန်ကို ရေဆေးပြီး ရေအစား ချိပ်ဆိုးဆေးရည်ကို ဆန်ချိန်ခွက်နှင့်ချိန်ပြီး ထည့်ပါ။ မိမိချက်နေကျ ဆန်အတွက် ထည့်နေကျ ရေအချိုးအတိုင်း ချိန်ထည့်ပါ။

၃။       ပုံမှန်ထမင်းချက်သည့်အတိုင်း ထမင်းချက်ပေါင်းအိုးဖြင့် ချက်ပါ။ ထမင်းကျက်လျှင် ဇွန်းဖြင့် ဖွထားပါ။

၎။       ထမင်းရဲ့ ၄ ပုံ ၁ ပုံကို ပန်းကန်ထဲ ထည့်ပါ။ တိုဟူးကို ပါးပါးလှီးထည့်ပါ။

၅။       မန်ကျည်းအချဉ်ရည်ကို ပျစ်ပျစ်ဖျော်ပြီး ထည့်ပါ။

၆။       မန်ကျည်းအချဉ်ကို ထိန်းဖို့အတွက် သကြား (သို့) ထန်းလျက် အနည်းငယ်ထည့်ပါ။

၇။       ငရုတ်သီးကြော်ထောင်း၊ ငံပြာရည်၊ မန်ကျည်းရည်၊ ကြက်သွန်ဖြူဆီချက်နှင့် နံနံပင်တို့ကိုထည့်ပြီး နယ်လိုက်လျှင် လှပပြီး ဆွဲဆောင်မှုရှိတဲ့ ချိပ်ဆိုးထမင်း တိုဟူးသုပ်လေးက သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

ဝက်နံရိုးကြော်ရန် ပါဝင်ပစ္စည်းများ

ဝက်နံရိုး  –  ၂၅ ကျပ်သား

ဟင်းချက်ဝိုင်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပဲငံပြာရည်  –  အနည်းငယ်

သကြား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ဆား  –  အနည်းငယ်

ငါးငံပြာရည်  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

အကြော်မှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ပြောင်းကော်မှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ဝက်နံရိုးကြော်ကြော်နည်း

၁။       ဝက်နံရိုးကို ရေဆေးပြီး အတုံးသေးများ တုံးထားပါ။ ခြောက်သွေ့သွားအောင် ရေစစ်ပါ။ လက်သုတ်စက္ကူ နဲ့ ဖွဖွဖိပြီး ရေသုတ်ပါ။ ပါဝင်ပစ္စည်း ဟင်းချက်ဝိုင်မှ ငရုတ်ကောင်းမှုန့်အထိ ထည့်ပြီး နယ်ပါ။ ရေခဲသေတ္တာ မခဲတဲ့အထပ်မှာ မိနစ် ၃၀ ခန့် နှပ်ထားပါ။

၂။       ဝက်နံရိုးကို ပြောင်းကော်မှုန့်၊ အကြော်မှုန့် ဆတူနီးပါး ထည့်နယ်ပါ။ ရေကို နည်းနည်းချင်း ထည့်ပြီးနယ်ပါ။ ရေမများသွားစေရန် သတိထားပါ။ ဆီကို အိုးထဲ ၁ လက်မခွဲခန့် ထည့်ပါ။ မီးအလယ်အလတ်ဖြင့် ကြော် ပါ။ ရွှေအိုရောင်အနေအထားမှာ ဆယ်ယူပြီး ဆီစစ်ပါ။ ပြီးလျှင် ကြွပ်ရွပြီး မွှေးတဲ့ ဝက်နံရိုးကြော်ကို ရပါပြီ။

Facebook Comments