ချဉ်စပ်ဆိမ့် ပင်လယ်စာ

by သစ်ထူး for Food Magazine

          ပင်လယ်စာတွေဖြစ်တဲ့ ပုစွန်၊ ခုံး၊ ကင်းမွန် စတာတွေကို ချဉ်ချဉ်စပ်စပ်နဲ့ ဆိမ့်ဆိမ့်လေးကြော်ကြည့်မယ်။ ထည့်လို့ရတဲ့ နောက်တစ်မျိုးက ပြောင်းဖူးပါ။ အဲဒါတွေ အားလုံးကို ချက်နည်းမျိုးစုံပြောင်းပြီး သတ္တုရေပုံးလေးထဲထည့်ကာ ပင်လယ်စာရေပုံးဆိုပြီး ထိုင်းဆိုင်လေးတွေ တော်တော်များ များမှာ ရောင်းလာကြတာကြာပါပြီ။ ဈေးကလည်း နည်းမှ မနည်းဘဲ။ ဒီတော့ ကိုယ်တိုင်စိတ်ကြိုက်လုပ်စားလို့ရမယ့် နည်းလေးကို ထိုင်း Readymade အနှစ်လေးတွေနဲ့ ချက်ပြထားပါတယ်။

ပါဝင်ပစ္စည်းများ

ပုစွန်အကောင်လတ်  –  ၁၀ ကောင် (အခွံမနွှာဘဲ ကျောခွဲသန့်စင်ပြီး)

ခုံး  –  ၁၀ ကောင်

ကင်းမွန်  –  ၅ ကောင်  (သန့်စင်လှီးဖြတ်ပြီး)

ပြောင်းဖူး  –  ၂ ဖူး  (အခွံနွှာပြီး ၃ ပိုင်းပိုင်းပါ)

ထိုင်းတုန်ယမ်းအနှစ်  –  ထမင်းစားဇွန်း ၂ ဇွန်း

ငံပြာရည်  –  ထမင်းစားဇွန်း ၁ ဇွန်း

ပတဲကော  –  ၁ တက်   (ခပ်ကြီးကြီး ၃ ပိုင်းပိုင်းထား)

စပါးလင်  –  ၁ ခု (ခပ်ကြမ်းကြမ်းလှီးပြီး)

နို့စိမ်း  –  ဘူးတစ်ဝက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       အိုးတစ်လုံးထဲ ရေ ၁ လီတာ ထည့်တည်ပြီး ပြောင်းဖူး အပိုင်းများကို ၁၀ မိနစ်ခန့် ပြုတ်ထားပါ။ ပြောင်းဖူးများ ဆယ်ယူလိုက်ပြီး ကျန်နေတဲ့ရေမှာ တုန်ယမ်းအနှစ်၊ ပတဲကော၊ စပါးလင်တို့ကို ထည့်ပြုတ်ထားပါ။

၂။       ကင်းမွန်နှင့် ခုံးတို့ကို အရင်ထည့်ပြီး ရေစပ်စပ်ကျန်လျှင် ပုစွန်ထည့်ပြီး အိုးကို လှုပ်မွှေပေးပါ။

၃။       မီးလျှော့ပေးပြီး ဖယ်ထားသော ပြောင်းဖူးပြုတ်များ ထည့်ပါ။ နို့စိမ်းများထည့်ပါ။ ပင်စိမ်းရွက်များခတ်ပြီး ချက်ပြုတ်ခြင်းကို အဆုံးသတ်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments