ချင်းထောင်းထမင်းသုပ်

by Ko Thit Htoo for Food Magazine

          နာမည်ကြားလိုက်တာနဲ့တင် စိတ်ထဲပူပူစပ်စပ်ဖြစ်သွားမယ်ဆိုတာ အာမခံပါတယ်။ ဂျင်း (ချင်း) ပေါတဲ့ဒေသဖြစ်လို့ ရရာရှာပြီး တီထွင်လိုက်တဲ့ထမင်းသုပ်လေးဖြစ်ပါတယ်။ မိုးအေးအေးမှာ လုပ်စားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ချင်း  –  ထမင်းစားဇွန်း ၃ ဇွန်း (ပါးပါးလှီးပြီး)

ကြက်သွန်ဖြူ  –  ၄ မြွှာ

ငရုတ်သီးစိမ်း  –  ၅ တောင့်

ပုစွန်ခြောက်  –  ၁၀ ကောင် (ရေနွေးစိမ်ထားပါ)

ဆား  –  ထမင်းစားဇွန်း ၄ ပုံ ၁ ပုံ

သံပရာသီး  –  ၁ လုံး (အရည်ညှစ်ရန်)

ထမင်းချက်ပြီး  –  ပန်းကန်လုံး ၂ လုံး

ပဲဆီ ဆီချက်  –  ထမင်းစားဇွန်း  ၃ ဇွန်း

ပုစွန်ခြောက်မှုန့်  –  ထမင်းစားဇွန်း ၁ ဇွန်း

နံနံပင်  –  ၃ ပင် (ပါးပါးလှီးပြီး )

ကြက်သွန်ဖြူကြော်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်နီကြော်  –  ထမင်းစားဇွန်း ၁ ဇွန်း

သခွားသီး  –  ၁ လုံး (တွဲဖက်စားရန်)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်၊ ဆားတို့ကို ရောနှောထောင်းပြီး သံပရာသီးညှစ်၍ နှပ်ထားပါ။

၂။       ထမင်းများနယ်ရန် ဇလုံထဲထည့်ပြီး ပုစွန်ခြောက်မှုန့်၊ ဆီချက် ဆီ၊ နံနံပင်၊ ချင်း ထောင်းထားပြီးသားနှင့် ကြက်သွန်ကြော် တစ်ဝက်စီထည့်ပြီး နယ်ပါ။ ပန်းကန်မှာ ပြင်ဆင်တဲ့အခါ ကြက်သွန်ကြော်များနှင့် နံနံပင်များ ထမင်းသုပ်ပေါ်မှဖြူးပြီး ပြင်ဆင်ပါ။ သခွားသီးလှီးပြီးသားများနှင့် ပြင်ဆင်သုံးဆောင်ပါ။

www.facebook.com/MY FOODIES (mm)

Facebook Comments