ခုံးသားဆီပြန်

 

          ဒီဟင်းလေးက ကျွန်မတို့အိမ်မှာ ဆီပြန်တစ်မျိုး၊ အကြော်တစ်မျိုး အမြဲချက်ရတဲ့ ဟင်းလေးပါ့။ ကိုထက်နဲ့ ကျွန်မက ဆီပြန်၊ ကလေးတွေက အကြော်ပေါ့နော်။ ခုတော့ ကျွန်မက ဒီခုံးကောင်တွေကို ဆီပြန်ဟင်းလေးချက်ပါမယ်။ လူကြီးကြိုက်ပေါ့။ အချိုချက်ဖြစ်တာကြောင့် ကလေးတွေလည်း စားလို့ရပါတယ်။

►   ပါဝင်ပစ္စည်းများ

♦   ခုံးကောင်   –   ၅ ကောင်

♦   ပျဉ်းတော်သိမ်   –   ၂ ရွက်

♦   နနွင်း   –   နည်းနည်း

♦   ဆား   –   အနည်းငယ်

♦   ကြက်သားမှုန့်   –   စားပွဲဇွန်း ၂ ဇွန်း

♦   ချင်း (Paste)   –    အချိုဇွန်း ၂ ဇွန်း

♦   အရောင်တင်မှုန့်   –   အချိုဇွန်း ၁ ဇွန်း

♦   မဆလာ   –   အချိုဇွန်း ၁ ဇွန်း

♦   ဖက်ကပေါင်းရွက် (သို့) ပင်စိမ်းရွက် (မထည့်လည်း ရပါတယ်)

♦   ကြက်သွန်အဖြူ   –   ၃ မြွှာ

မှတ်ချက် –      ခုံးဟင်းကို ကြာကြာမတည်ချင်ရင် ခုံးကောင်များကို နနွင်း၊ ဆားနယ်ပြီးရင် ဆီပူထိုးရုံ ကြော်ပေးပြီးမှ ဟင်းချက်ပေး ရပါမယ်။

►   ချက်ပြုတ်နည်း

၁။      ခုံးကောင်လေးတွေကို သေချာသန့်စင်ဆေးကြောထားပါ။ ချင်း ၁ ဇွန်း၊ အသားမှုန့် ၁ ဇွန်း၊ ဆား၊ နနွင်း တို့ဖြင့် အသားထဲဝင်အောင် နယ်ပေးထားပါ။

၂။      ချင်း၊ ကြက်သွန်များကို ခပ်ကြမ်းကြမ်း ထောင်းထားပေးပါ။

၃။      အရောင်တင်၊ နနွမ်း၊ ဆား၊ အသားမှုန့်၊ ပျဉ်းတော်သိမ်တို့နဲ့ ဆီသတ်ပေးပါ။ ကြက်သွန်များ နွမ်းလာရင် ခုံးကောင်များထည့်လုံးပါ။ အရောင်ပြောင်းလာသည်အထိလုံးကာ ခုံးကို ရေမမြှုပ်တမြှုပ်အနေ ထားကာ အဖုံးအုပ်တည်ပါ။

၎။      ခုံးကောင်လေးများက နူးဖို့ကြာတတ်ပါတယ်။

၅။      ရေလိုရင် ထပ်ကာ ဖြည့်ဖြည့်ပေးရပါမယ်။

၆။      အသားနူးပြီး ဆီပြန်လာရင် အရွက်အုပ်၊ မဆလာအုပ်ကာ၊ အရသာမြည်းပြီး ချနိုင်ပါပြီ။ ကြက်သွန်ဖတ် လေးများကအစ အရသာရှိနေပါမယ်။

http://htetfamily.com/ and https://www.facebook.com/pages/Danuphyu-Daw-Saw-Yee-Ei-Thet/1517124355174524?fref=ts

Facebook Comments