ခရမ်းချဉ်သီးအနှစ်စပါဂတီကြော် (Fried Spaghetti Pasta in Tomato Paste)

 

           ဒီတစ်လ ငါးမျိုးတည်းနဲ့ချက်ကြမယ်အတွက် Pasta တစ်မျိုးဖြစ်တဲ့ Spaghetti ကို Herb ဟင်းခတ်အစုံပါတဲ့ San Remo ခရမ်းချဉ်သီးအနှစ်နဲ့ ပြန်ကြော်ထားတာလေးကို တင်ပြပေးချင်ပါတယ်။ အချိန်ရှားပါးသူတွေ ပါဝင်ပစ္စည်းတွေအများကြီး ပြင်ဆင်စရာမလိုဘဲ အရသာရှိရှိချက်စားနိုင်ဖို့ ရည်ရွယ်ပါတယ်။ အာဟာရရှုထောင့်ကကြည့်မယ်ဆိုရင်လည်း ကြက်သားမှရတဲ့ ပရိုတင်း၊ ခေါက်ဆွဲကနေရမယ့် ကာဗိုဟိုက်ဒြိတ်၊ ပန်းပွင့်စိမ်းနဲ့ ခရမ်းချဉ်သီးအနှစ်တို့ကရမယ့် ဗိုက်တာမင်များကြောင့် အာဟာရစုံလင်တဲ့ချက်ပြုတ်နည်းတစ်မျိုးဖြစ်ပြီး ကလေး၊ လူကြီးမရွေး အားလုံးအတွက်သင့်တော်တဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ အနောက်တိုင်းပုံစံ အစားအစာဖြစ်တာကြောင့် အရသာအတွက် ထွေထွေထူးထူးမလိုအပ်ဘဲ ဆား၊ ငရုတ်ကောင်း ၂ မျိုးသာ လိုမှာဖြစ်ပါတယ်။ ချက်နည်းလေးကြည့်လိုက်ရအောင် . . . ။

►   ပါဝင်ပစ္စည်းများ

♦   Spaghetti Pasta   –   ၁၅ဝ ဂရမ်

     (ပွက်ပွက်ဆူနေသောရေမှာ ဆားခတ်ပြီး ၁၅ မိနစ်ခန့်ပြုတ်ပြီး ရေစစ်ထားပါ)

♦   San Remo ခရမ်းချဉ်သီးအနှစ်   –   စားပွဲဇွန်း ၂ ဇွန်း

♦   ကြက်သား   –   ၂ဝဝ ဂရမ် (အတုံးသေးသေးလှီးထားပါ)

♦   ပန်းပွင့်စိမ်း –   ၁၅ဝ ဂရမ်

     (သေးသေးဖြတ်ပြီး ရေဆူဆူမှာ ၂ မိနစ်ခန့်ပြုတ်ထားပါ)

♦   ဆားပါသောထောပတ် (Salted Butter)   –   စားပွဲဇွန်း ၁ ဇွန်း

►   ချက်ပြုတ်ပုံ

၁။       ထောပတ်ကိုအပူပေးပြီး အသားများကျက်သည်အထိ ၃ မိနစ်ခန့်မွှေကြော်ပေးပါ။

၂။       ခရမ်းချဉ်သီးအနှစ်များထည့်ပြီး ဆီအရောင်တက်လာသည်အထိ ၂ မိနှစ်ခန့်ဆက်ပြီး မွှေကြော်ပေးပါ။

၃။       ပန်းပွင့်နှင့် Pasta များထည့်မွှေပေးပြီး ချက်ပြုတ်ခြင်းကို အပြီးသတ်နိုင်ပါပြီ။ အရသာအတွက် ဆား၊ ငရုတ်ကောင်းတို့ကိုသာ သုံးပေးပါ။

          ဒီချက်ပြုတ်နည်းမှာ San Remo ခရမ်းချဉ်သီးအနှစ်ကို သုံးထားတာဖြစ်လို့ နောက်ထပ် ဟင်းခတ်ရွက် (Herb) များထပ်ထည့်ဖို့မလိုအောင် ရနံ့မွှေးပါတယ်။ အရသာအနေနဲ့လည်း အမျိုးမျိုးရှိလို့ နှစ်သက်ရာ အရသာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒီချက်နည်းအတွက် သုံးထားတာကတော့ Spicy Tomato and Capsicum ဖြစ်ပါတယ်။ အချဉ်အရသာ အနည်းငယ်ပိုပါတယ်။

www.facebook.com/MY FOODIES (mm)

Facebook Comments