ကွဲလွဲအရသာ ချက်ကြည့်ပါ

          ဒီဇင်ဘာလမှာတော့  ဆရာမနန်းစန်းစန်းအေးက “ဝက်အူချောင်း ခရမ်းချဉ်သီးချက်” အပါအဝင်  ဟင်းလျာ အတွဲအစပ် (၇)မျိုးကို  စီစဉ်ထားပါတယ်။ အဲဒီ ဟင်းလျာအတွဲအစပ်များကတော့ –

၁။       ငါးသလောက်ဥကြော်ချက်၊ ပဲဝါလေးဟင်းရည်၊ တဇောင်းခါး ပုစွန်ခြောက်ကြော်၊ မန်ကျည်းသီး ငါးပိချက်။

၂။       ကဏန်းအသားလုံးငါးဖယ်ချက်၊ ဒန့်သလွန်ရွက် ဟင်းရည်၊ မုန်လာဥသုပ်၊ ပဲပုပ် ခရမ်းချဉ်သီးထောင်း။

၃။       ဝက်သုံးထပ်သားကင်သုပ်၊ ဘဲဥမုန်လာဥချဉ်ရည်၊ ငါးခြောက်ထောင်းကြော်၊ သခွားသီးသုပ်။

၎။       အမဲသားစဉ်းကော ပျဉ်းတော်သိမ်ချက်၊ အာလူး ကုလားပဲဟင်းရည်၊ ပူဒီနာ မန်ကျည်းသီးထောင်း၊ ပဲသီးပြုတ်သုပ်။

၅။       ကြက်သားသရက်သီးသနပ်အစပ်ချက်၊ ပဲကြီးဟင်းရည် ဘူးညွန့်ခတ်၊ မုန်လာဥသီးသုပ်၊ ငါးပိရည်ဖျော်၊ အတို့စုံ။

၆။       ပုစွန်လုံး မဆလာချက်၊ ကြက်ခြေထောက် ခဝဲသီးဟင်းရည်၊ ပဲရွက်သုပ်၊ ကင်းမွန်ချဉ်ရွက် ငါးပိထောင်း။

၇။       ဝက်အူချောင်း ခရမ်းချဉ်သီးချက်၊ ပြောင်းဖူး ငုံးဥကြော်၊ ဂေါ်ရခါးညွန့် ငါးမီးသင်းဟင်းရည်၊ ဆီးဖြူသီး ထောင်း။

          အဲဒီ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ဝက်အူချောင်း ခရမ်းချဉ်သီးချက်၊ ပြောင်းဖူးငုံးဥကြော်၊ ဂေါ်ရခါးညွန့် ငါးမီးသင်းဟင်းရည်နှင့် ဆီးဖြူသီးထောင်းတို့ကို တင်ဆက်ပေးလိုက်ပါ တယ်။

ကွဲလွဲအရသာ ချက်ကြည့်ပါ

          “ဒီလကုန်လောက် “မေတ္တာတရားနှင့် နိုင်ငံတော်” အဖွဲ့နဲ့ တောင်ငူသွားရမယ်။ ဘာမှာဦးမလဲ”

          “တောင်ငူဆိုရင်တော့ ခပ်နီးနီးမှာရှိတဲ့ ရေတာရှည် ဝက်အူချောင်းနဲ့ ဒူးရင်းသီး ကောင်းကောင်းလေး ဝယ်ခဲ့ပါ”

          “ဝက်အူချောင်းကတော့ ရတယ်။ ဒူးရင်းသီးတော့ မဝယ်တတ်ဘူး။ ပြီးခဲ့တဲ့ တစ်ပတ်က ဆရာမတစ်ယောက် သုံးလုံးဝယ်သွားတာ တစ်လုံးမှ မကောင်းဘူးတဲ့…”

          “မဝယ်တတ်လို့နေမှာ။ ဒူးရင်းသီးဝယ်ရင် ဆူးကျဲကျဲ၊ အညှာကောင်းကောင်းနဲ့ လတ်ဆတ်နေရမှာ။ အရေး ကြီးဆုံးကတော့ အနံ့လိုတယ်။ ဒူးရင်းသီးကောင်းရင် အနံ့ မှာတောင် အရသာပါနေတယ်။ အနံ့ပြင်းလေ ကောင်းလေပဲ”

          “ဒူးရင်းသီးဆိုင်တစ်ဆိုင်လုံးကတော့ အနံ့ကို ကြိုင်လှိုင်နေတာပါပဲ။ အဲဒါတွေထဲက ရွေးဝယ်တာ မကောင်းဘူးလေ”

          “တစ်ဆိုင်လုံးရဲ့ အနံ့မဟုတ်ဘူး။ တစ်လုံးချင်းရဲ့ အနံ့ကို သေသေချာချာရှူကြည့်ဖို့ ပြောတာ။ ဒူးရင်းသီးနမ်း ရင် သတိကြီးကြီးထားဖို့ လိုတာပေါ့”

          “ပထမဆုံးချိန်းတွေ့တဲ့ ချစ်သူ့ပါးပြင် နမ်းသလိုမျိုးဆိုရင် ဖြစ်မလား”

          “ဝါသနာပါသလိုသာ နမ်းပါ။ အနံ့မရှိဘဲ နက်ဖြန်မှ မှည့်မယ်။ နှစ်ရက်၊ သုံးရက်လောက်ဆို မှည့်မယ်ဆိုတဲ့ဟာတွေ မယူမိဖို့ လိုတယ်။ နောက်ပြီးတော့ ကွဲအက်ပြီး အနံ့ပျက်နေတဲ့ဟာတွေလည်း ရှောင်ရပါဦးမယ်”

          “ဒီလောက် စည်းကမ်းချက်တွေ များပြားလှတဲ့ ဒူးရင်းသီး မဝယ်တာဘဲ ကောင်းမယ် ထင်တယ်”

          “မဝယ်လို့တော့ မဖြစ်ဘူး”

          “ရတယ်။ တောင်ငူမှာ အစ်ကိုလိုခင်မင်ရတဲ့ ရွှေ လက်ဆောင်စတိုးဆိုင်ပိုင်ရှင်ကို အကူအညီ တောင်းလိုက်မယ်”

          “စိတ်ကူးလေး ကောင်းလိုက်တာ။ ဈေးထဲမှာဆိုတော့ အဆင်ပြေဆုံးပဲ။ တောင်ငူသားတွေဆိုတော့ တောင်ငူဒူးရင်းအကြောင်း ပြောစရာတောင် လိုမှာမဟုတ်ဘူး”

          “ဒါဆို ဒူးရင်းသီးဝယ်ရမယ့် စည်းကမ်းချက်တွေ မေ့ထားလို့ရပြီပေါ့”

          မေ့ထားလိုက်ပြီး ထမင်းစားကြရအောင်။ လက်ကျန် ဝက်အူချောင်း ၁၀ ကျပ်သား၊ အပင်မှာမှည့်နေတဲ့ ခရမ်းချဉ်သီး ၅ လုံး၊ ပလို့ပြောင်းလို့ခေါ်တဲ့ ပြောင်းဖူး အဖြူရောင် တစ်ဖူး၊ ငုံးဥ၊ ၅ လုံး၊ ဂေါ်ရခါးညွန့်တစ်စည်းနဲ့ ငါးခူမီးသင်း တစ်ကောင် အားလုံးပေါင်းစုလိုက်ပြီး ချက်မယ်။

          ဝက်အူချောင်းဘေးက အခွံတွေကို နွှာပြီး အချောင်းလိုက် မီးကင်လိုက်မယ်။ အပြင်တင်းပြီး အနံ့မွှေးလာရင် အနေတော် အပိုင်းလေးတွေ ဖြတ်ထားမယ်။ ချက်မယ်ဆို အိုးထဲကို ဆီ ၅ ကျပ်သားနဲ့အတူ ကြက်သွန်ဖြူ ၅ မြွှာ ညက်အောင်ထောင်းထားတာနဲ့ ဆီသတ်မယ်။ ကြက်သွန် ဖြူဖတ်လေး အဝါရောင်သန်းလာရင် ကြိတ်ထားတဲ့ ခရမ်းချဉ်သီး၊ အကွင်းလိုက်လှီးထားတဲ့ ကြက်သွန်နီကြီးတစ်ဥ ထပ်ထည့်မယ်။ ခရမ်းချဉ်သီးထဲပါတဲ့ အရည်ခန်းရင် ဆား၊ အရသာလက်ဖက်ရည်ဇွန်း တစ်ဇွန်း လျော့လျော့စီ ထည့်မယ်။ ပိုင်းထားတဲ့ ဝက်အူချောင်းတွေ ပေါင်းထည့်မယ်။ ဆူပွက်လာရင် ကြက်သွန်မြိတ်တစ်ပင် ပိုင်းဖြတ် ခတ်ပြီးရင်တော့ ဝက်အူချောင်းဟင်း ရပါပြီ။ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းလေးပါ ဖြည့်ပေးပါ။

          ပြောင်းဖူးကြော်အတွက် အဖြူရောင်များများနဲ့ နုတဲ့ပြောင်းဖူးကို ဓားပြတ်ပြတ်နဲ့ ပါးပါးလွှာပြီး လှီးမယ်။ ဆီ ၃ ကျပ်သားထဲ ကြက်သွန်နီတစ်ခြမ်း၊ ကြက်သွန်ဖြူ ၃ မြွှာ ရောထောင်းထားတာနဲ့ ဆီသတ်မယ်။ ကြက်သွန် ဖတ်တွေ ကြည်ရောင်ပေါက်လာရင် ပြောင်းဖူးထည့်မယ်။ ရေ ၃ ဇွန်းလောက် ထပ်ဖြည့်ပြီး အဖုံးအုပ်တည်မယ်။ ပြောင်းဖူးတွေ ကျက်လောက်ရင် ငုံးဥလေးတွေ အလုံး လိုက် ဖောက်ထည့်မယ်။ အရသာ သကြား၊ ဆားမျိုး လက် ၃ ချောင်း တစ်ကိုင်စာစီ ထည့်မယ်။ အထက်အောက် သာသာလှန်ပေးပြီး ငုံးဥလေးတွေကျက်ရင် ပြောင်းဖူးငုံးဥကြော် ရပါပြီ။ ပြောင်းဖူးရဲ့ စေးပြီး ဆိမ့်တဲ့ အရသာသက် သက်စားချင်ရင် ငုံးဥမပါလည်း ရပါတယ်။ ဂေါ်ရခါးညွန့် ဟင်းရည်အတွက် ရေတစ်လီတာရဲ့ သုံးပုံနှစ်ပုံထဲကို ခေါင်းဖြတ်ထားတဲ့ ငါးခူမီးကင်တစ်ကောင်ရဲ့ အသား၊ ကြက်သွန်ဖြူ ၅ မြွှာ ဓားပြားရိုက်၊ ငါးပိစိမ်းလက်တစ်မပါ ရေဖျော်တွေ ပေါင်းထည့်ပြီး ၅ မိနစ်လောက် ပွက်ပွက်ဆူ အောင် တည်မယ်။ ဆား၊ အရသာ လက်ဖက်ရည်တစ်ဇွန်း စီလောက် ထပ်ဖြည့်ပေးပါ။ စားခါနီးရင် သန့်စင်ထားပြီး ပိုင်းဖြတ်ထားတဲ့ ဂေါ်ရခါးညွန့်တွေ ထည့်လိုက်ရင်ဖြင့် အရည်သောက် ဟင်းတစ်ခွက် ရပါပြီ။

          ဆီးဖြူသီးထောင်းအတွက် ဆီးဖြူသီး သုံး၊ လေး၊ ငါးလုံး၊ ကြက်သွန်ဖြူ ၂ မြွှာ၊ ၃ မြွှာ၊ ငရုတ်သီး ကြိုက် သလောက်၊ မြေပဲဆံလေး၊ ငါးစေ့၊ ဆားအားလုံးပေါင်း ထောင်းရင် ဆီးဖြူသီးထောင်းဖြစ်ပါပြီ။ ဆီနှင့်ကြိုက်ရင် ပဲဆီတစ်ဇွန်းဆမ်းလိုက်ပါ။

          “အရွက်မှာ လက်ဖက်၊ အသားမှာ ဝက်၊ အသီးမှာ သရက်” ဆိုတဲ့ စာဆိုရှိပေမယ့် ပြောင်းလို့ရမယ်ဆိုရင် “အသီးမှာ ဒူးရင်း” ကို ထည့်ချင်ပါတယ်။ အစားတစ်လိုင်း စာဖတ်သူတွေရော သဘောတူကြပါသလား။ လွတ်လပ်စွာ ကွဲလွဲကြရအောင်ပါ။

ဝက်အူချောင်းခရမ်းချဉ်သီးချက်

ပါဝင်ပစ္စည်းများ

ဝက်အူချောင်း  –  ၁၀ ကျပ်သား

ခရမ်းချဉ်သီး  –  ၅ လုံး

ဆီ  –  ၅ ကျပ်သား

ကြက်သွန်ဖြူ  –  ၅ မြွှာ

ကြက်သွန်နီ  –  ၁ ဥ

ဆား  –  အနည်းငယ်

အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ်  –  ၁ ပင်

ငရုတ်သီးစိမ်း  –  အနည်းငယ်

ပြောင်းဖူးငုံးဥကြော်

ပလို့ပြောင်းဖူး  –  ၁ ဖူး

ငုံးဥ  –  ၅ လုံး

ဆီ  –  ၃  ကျပ်သား

ကြက်သွန်နီ  –  ၁ ခြမ်း

ကြက်သွန်ဖြူ  –  ၃ မြွှာ

ရေ  –  ၃ ဇွန်း

ဆား၊ သကြား၊ အရသာမှုန့်  –  အနည်းငယ်

ဂေါ်ရခါးညွန့် ငါးမီးသင်းဟင်းရည်

ဂေါ်ရခါးညွန့်  –  ၁ စည်း

ငါးခူမီးကင်  –  ၁ ကောင်

ရေ  –  ၁ လီတာ

ကြက်သွန်ဖြူ  –  ၅ မြွှာ

ငါးပိစိမ်း  –  အနည်းငယ်

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Facebook Comments