ကျန်းမာယဉ်ကျေး ချက်စို့လေး

by နန်းစန်းစန်းအေး (အဓိပတိ) for Food Magazine

          ဩဂုတ်လမှာတော့  ဆရာမနန်းစန်းစန်းအေးက

“ကြက်သားအမျှင်ကြော်” အပါအဝင်  ဟင်းလျာအတွဲအစပ် (၇)မျိုးကို စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်များကတော့ –

၁။       ဘဲဥကြော်ချက်၊ ဝက်သားလုံးမှိုဟင်းရည်၊ ပဲရွက်သုပ်၊ ငံပြာရည်ကြော်။

၂။       ကြက်သားအမျှင်ကြော်၊ ငါးကြင်းရှမ်းနံနံဟင်းရည်၊ အာလူးသုပ်၊ ပဲပုပ်ထောင်း။

၃။       ပုစွန်မီးကင်ချဉ်စပ်ချက်၊ သခွားသီးသုပ်၊ ခရမ်းကစော့သီးထောင်း၊ ခုံမင်းဟင်းရည်။

၎။       ချောင်းငါးဟိုက်ဆီပြန်၊ ဒန့်သလွန်ရွက်ဟင်းရည်၊ မျှစ်စပါးလင်ကြော်၊ ပဲပုပ်ချက်။

၅။       ဆတ်သားခြောက်မန်ကျည်းမှည့်ချက်၊ ပဲကြာဆံဟင်းရည်၊ ဟင်းနုနယ်ရွက်သုပ်၊ ပူဒီနာ ငါးပိထောင်း။

၆။       ကဏန်းအသားလုံးကြော်ချက်၊ ကြာစွယ်ဟင်းရည်၊ ကန်စွန်းရွက်ရိုးနီပြုတ်သုပ်၊ ဂွေးသီးငါးပိချက်။

၇။       ကန့်ကူရံငါးခြောက်ချက်၊ ခရမ်းသီးမီးဖုတ်သုပ်၊ ပြောင်းဖူးဟင်းရည်၊ ငရုတ်သီးစိမ်းထောင်း။

အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ကြက် သားအမျှင်ကြော်၊ ငါးကြင်းရှမ်းနံနံဟင်းရည်၊ အာလူးသုပ်၊ ပဲပုပ်ထောင်းတို့ကို တင်ဆက်ပေးလိုက်ပါတယ်။

 

ကျန်းမာယဉ်ကျေး ချက်စို့လေး

          “အမေ အစောကြီး နိုးနေပါလား”

          “မင်းရော မနက်ခင်းကြီးမှာ အင်္ကျီမပါ ဘာမပါနဲ့ ဘယ်လိုဖြစ်နေတာလဲ”

          “လေ့ကျင့်ခန်းလုပ်ရင်း ရေချိုးမလို့ပါ အမေရာ”

          “သဘက်လေး ဘာလေးများ ပတ်ထားပါလား။ ညီမလေးတွေ၊ အဖေ၊ အမေတွေများ အားနာပါဦး”

          “ကိုယ့်အိမ်ထဲမှာပဲ ဥစ္စာကို”

          “ဒါဆို အခန်းထဲက ထွက်မလာနဲ့။ ပူရင်လည်း စွပ်ကျယ်တို့၊ တီရှပ်တို့လောက်တော့ ဝတ်ထားပါ။ ဒီလောက် မိုးတွေရွာပြီး အေးနေတာကို ကိုယ်တုံးလုံးချွတ်ကြီးနဲ့ ကြည့်လို့ကို အဆင်မပြေဘူး”

          “အမေနဲ့တော့ ပြဿနာပဲ။ ပွဲတွေမှာတောင် ကိုယ်တုံးလုံးချွတ်တွေ ခေတ်စားနေတာ အမေ မသိလို့”

          “အဲဒီလိုတွေလာတော့ ပရိသတ်တွေက လှလိုက်တာ၊ ကြည့်ကောင်းလိုက်တာလို့ ပြောကြရောလား”

          “ဟီး…ဟီး… အဲဒီလိုတော့ မပြောဘူး။ ဖေ့စ်ဘွတ်ခ်ပေါ်တက်လာတော့ ထုံးစံအတိုင်း ဝိုင်းဆဲကြတာပေါ့။ မြန်မာပြည်မှာက  အမြင်မရှိသေးပါဘူး”

          “အံမယ်… မင်းက ကိုယ်တုံးလုံးချွတ်တွေဘက်ကပေါ့”

          “အခုခေတ်မှာ အသစ်အဆန်းတွေကို လွတ်လပ်စွာ ကြိုက်ခွင့်ရှိတယ်လေ။ ဘော်ဒီတွေကို လှလှပပကစားထားတော့ ပြချင်တယ်ပေါ့”

          “ဟုတ်မှာပေါ့။ ဒါကြောင့် လမ်းနံဘေး လူမြင်ကွင်းမှာ ငုတ်တုတ်ထိုင်ပြီး တစ်စက်မှ အရှက်မရှိကြတာလည်း အများအပြားပဲ။ အဲဒါလည်း ပြချင်တာပဲနေမှာ”

          “အဲဒါကတော့ အရိုင်းသက်သက်ပါ အမေရာ။ အနုပညာမမြောက်ပါဘူး”

          “အံမယ်… ကြီးကြီးကျယ်ကျယ်တွေ ပြောမနေနဲ့။ အမေဟင်းချက်ရဦးမယ်”

          “သားသား ကူလုပ်ရဦးမလား”

          “တော်ပါဟယ်… ပါးစပ်ဖျားနဲ့များ လာလုပ်မနေနဲ့။ အင်္ကျီသာ မြန်မြန်သွားဝတ်လိုက်”

          “ဒါနဲ့ ဘာဟင်းတွေများ ချက်မှာပါလိမ့်”

          “ဗမာ ကြက်သားအမျှင်ကြော်၊ ချောင်းငါးကြင်း ဟင်းရည်၊ အာလူးသုပ်နဲ့ ပဲပုပ်ထောင်းချက်မယ်”

          ကြက်သားရင်အုံပိုင်း ၃၀ ကျပ်သား သို့မဟုတ် ၂၅ ကျပ်သားကို ရေစင်အောင် ဆေးပြီး ၂ ပိုင်းပိုင်းမယ်။ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ငံပြာရည် စတီးဇွန်း အသေး ၁ ဇွန်း၊ အရသာလက်ဖက်ရည်ဇွန်း တစ်ဝက် ပေါင်းနယ်ပြီး အဖုံးလုံတဲ့ ချိုင့် သို့မဟုတ် ဇလုံတစ်လုံးထဲ ထည့်ပြီး ရေနွေးငွေ့နဲ့ ပေါင်းမယ်။ နာရီဝက်ပေါင်းပြီး အအေးခံမယ်။ ကိုင်လို့ရလောက်ရင် အသားမျှင်တွေဖြစ် အောင် လုပ်ထားမယ်။ ကြော်မယ့်အိုးထဲကို ဆီ ၁၀ ကျပ် သားထည့်ပြီး ကြက်သွန်နီ ၂ ဥ၊ ကြက်သွန်ဖြူ ၁ ဥ ပါးပါး လှီးထားတာ ထည့်ကြော်မယ်။ ကြက်သွန်ဖတ်နွမ်းလျှင် ကြက်သားဖတ်ထည့်မယ်။ မီးအရှိန်လျှော့ပြီး ကြက်သားဖတ်တွေ လိပ်လာရင် ငရုတ်သီးအရောင်တင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အစပ်ကြိုက်ရင် အကြမ်းဖတ် စတီးဇွန်း ၁ ဇွန်း ပေါင်းထည့်မယ်။ ဆီများရင် ဆီတွေ စစ်ထုတ်ပေးပါ။ လိုအပ်တဲ့ ဆား၊ အရသာထပ်ပေါင်းထည့်ပေးပြီးရင်တော့ ကြက်သားအမျှင်ကြော် ရပါပြီ။

           ချောင်းငါးကြင်းဟင်းရည်အတွက် ငါးကြင်း ၁၅ ကျပ်သား သန့်စင်ပြီး ခပ်သေးသေး အတုံးလေးတွေ တုံးမယ်။ ငါးတုံးတွေထဲကို ချင်းလက်တစ်ဆစ်၊ ကြက်သွန်နီ ၁ ဥ၊ ကြက်သွန်ဖြူ ၁ ဥ၊ နနွင်းမှုန့် နည်းနည်း၊ ဆား လက်ဖက် ရည်ဇွန်း ၁ ဇွန်း၊ အရသာ ဇွန်းတစ်ဝက်၊ ငါးငံပြာရည် စတီးဇွန်းကြီး ၁ ဇွန်းတို့ကို ပေါင်းပြီးနယ်မယ်။ ချက်မယ့် အိုးထဲ ဆီကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့အတူ ပါဝင်ပစ္စည်းတွေအားလုံး ထည့်လုံးမယ်။ ငါးထဲပါတဲ့ အရည်ခန်းရင်တော့ ရေလီတာဝက်ပေါင်းထည့်ပြီး ပွက်ဆူစေ မယ်။ ၅ မိနစ်တည်ပြီး ရှမ်းနံနံတစ်စည်း ပါးပါးလှီးထားတာ ဖြည့်ထည့်မယ်။ အချဉ်ကြိုက်ရင် သံပရာသီး၊ အစပ် ကြိုက်ရင် ငရုတ်သီးစိမ်း ထပ်ပေါင်းထည့်ပြီးရင်တော့ ချောင်းငါးကြင်းဟင်းရည် ရပါပြီ။

          အာလူးသုပ်အတွက် အာလူး ၁၀ လုံး တုတ်တံလေးတွေနဲ့ ထိုးပြီး ကျက်အောင် ကင်မယ်။ ကင်ဖို့ အဆင်မပြေ ရင် ပြုတ်လိုက်လို့လည်း ရပါတယ်။ အာလူးကျက်ရင် အခွံနွှာ၊ ၂ ခြမ်းခြမ်းပြီး ကြက်သွန်နီ ပါးပါးလှီး၊ ပင်စိမ်းရွက် လေး၊ ငါးရွက်၊ ငရုတ်သီးစိမ်း နုပ်နုပ်စဉ်း၊ ဆား၊ အရသာ၊ ဆီချက် အနေတော်ဖြစ်အောင် ထည့်ပြီးနယ်ရင် အာလူးသုပ် ရပါပြီ။

          ပဲပုပ်ထောင်းအတွက် ပဲပုပ်ချပ် ၂ ချပ် မီးကင်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဆား၊ အားလုံးရောထောင်းဖို့ပါ။ ခရမ်းချဉ်သီးအရသာကြိုက်ရင် ကိုင်းခရမ်းချဉ် ၂ လုံး မီးဖုတ်ပြီး ထည့်ထောင်းလိုက်ရုံပါပဲ။ နံနံပင်၊ ကြက်သွန် မြိတ်လေးနဲ့ဆို ပြည့်စုံပါပြီ။

          နေထိုင်မှုစတိုင်တွေ၊ ဟန်တွေ ခေတ်ကို လွန်လို့ရပေမယ့် အစားအစာတွေကိုတော့ ကျန်းမာဖို့အရေး တွေးပြီးချက်ကြဖို့ ဟင်းတချို့ပါ။

နန်းစန်းစန်းအေး (အဓိပတိ)

မြန်မာအစားအစာ

၁၁၀/၅ ဖာလုံ

အမြန်လမ်း၊ ဖြူးမြို့နယ်။

Facebook Comments