ကောက်ညှင်းမျှစ်ချဉ်ပြန်ပေါင်းထုပ် (Sticky Rice with Pickled Bamboo Shoot)

by Sofia for Food Magazine

ပန်းသေးရိုးရာအစားအစာတစ်ခုဖြစ်တဲ့ ကောက်ညှင်းအသားမျှစ်ချဉ်ပြန်ပေါင်း ထုပ်လေးဖြစ်ပါတယ်။ အသားမျှစ်ချဉ်ရဲ့ မွှေးရနံ့နဲ့အတူ တွဲဖက်ပြီး ပြန်ပေါင်းထားတဲ့ ပြန်ပေါင်းထုပ်လေးကို စားဖူးသူတိုင်း နှစ်သက်ကြမှာ အမှန်ပါ။ အဲဒီ ရိုးရာအစားအစာ လေးကို လုပ်ပြီး ရေးဖို့၊ မျှဝေဖို့ တိုက်တွန်းလာတဲ့ တောင်ကြီးက ညီမလေးယွန်းဖူးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

အမဲသား –  ၃ဝဝ ဂရမ် (ဆိတ်သား၊ ကြက်သား)

ကြက်သွန်နီ –  အနေတော် ၂ လုံး

မျှစ်ချဉ် –  ၂ဝဝ ဂရမ်

ချင်း ကြက်သွန်ဖြူထောင်း –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား –  ၁/၂ ဇွန်း

ငရုတ်သီးခြောက် –  ၅ တောင့်

တရုတ်မဆလာ –  ၁ ဇွန်း

ဆီ –  လိုသလောက်

ကောက်ညှင်းပေါင်း

ငှက်ပျောဖက်/ပြောင်းဖူးဖက်

ပြုလုပ်နည်း

၁။        ဦးစွာ အသားမျှစ်ချဉ်ပြန်ပေါင်းပြုလုပ်ဖို့အတွက် အသားမျှစ်ချဉ်ကို အရင်ဆုံး ကြော်ရမှာ ဖြစ်ပါတယ်။ အမဲသားကို သေးသေးစိတ်၍ ဆား၊ ချင်း ကြက်သွန်ဖြူ ထောင်းနှင့် တရုတ်မဆလာတို့ကို ထည့်ပြီး နယ်ထားပါ။

၂။         ကြက်သွန်နီမထူမပါး လှီးထားပါ။

၃။        အားလုံးအဆင်သင့်ဖြစ်လျှင် ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။

၄။        ဆီပူလျှင် ငရုတ်သီးခြောက်ကြော်ပါ။ ကြက်သွန်ထည့်ပြီး ကြော်ပါ။ မီးပြင်းဖြင့် အရောင်ပြောင်းရုံကြော်ပြီး မျှစ်ချဉ်ထည့်ကြော်ပါ။

၅။        မျှစ်ချဉ်အနည်းငယ်ခြောက်လာပါက အသားထည့်ကြော်ပါ။

၆။        ရေခန်းပြီး အသားကျက်ပါက အရသာအပေါ့အငန်မြည်း၍ သမအောင်မွှေပြီး မီးဖိုမှချကာ ပြန်ပေါင်းထုပ်ပြုလုပ်ရန် အသင့်ဖြစ်ပါပြီ။ ကြော်ပြီးသားကို ဟင်း တစ်ခွက်အဖြစ် တည်ခင်းနိုင်ပါတယ်။

၇။        ကောက်ညှင်းမျှစ်ချဉ်ပြန်ပေါင်း ပြုလုပ်ရန်အတွက် ကောက်ညှင်းကို ကြိုတင်၍ ရေစိမ်ပြီး ပေါင်းထားပေးဖို့ လိုအပ်ပါတယ်။ ငှက်ပျောဖက်ကိုလည်း ရေဆေး သန့်စင်၍ အပူပေးပြီး လိုအပ်သည့်အရွယ်များ ဖြတ်ထားပါ။ ကျွန်မကတော့ ပြောင်းဖူးဖက်ကို အသုံးပြုပြီး ပြုလုပ်ထားပါတယ်။

၈။        အားလုံးအသင့်ဖြစ်လျှင် ဖက်ထဲ ကောက်ညှင်းပေါင်းထားတာကို ထည့်၍ အပေါ်မှ အသားမျှစ်ချဉ်ကြော်ကို တင်ပြီး သေချာစွာ ထုပ်ပါ။ ပြီးလျှင် ပေါင်းမည့် ပေါင်းအိုးထဲ စီထည့်ပါ။ အားလုံးထုပ်ပြီးပါက ရေနွေးအိုးအပေါ်မှာတင်၍ မိနစ်

၃၀ ခန့် ပေါင်းပြီး ပူပူနွေးနွေး မွှေးကြိုင်လှတဲ့ ကောက်ညှင်းမျှစ်ချဉ်ပြန်ပေါင်း ထုပ်ကို ထုတ်ယူ၍ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu