ကိုရီးယားခရမ်းသီးသုပ် (သက်သတ်လွတ်)

by Myint Oo Thar for Food Magazine

ကိုရီးယားအစားအစာ စားမယ်ဆိုရင် အရန်ဟင်းပွဲအများကြီးနဲ့ စားလေ့ရှိတယ်။ များသောအားဖြင့် ကိုရီးယားအရန်ဟင်းတွေက ရိုးရှင်းပေမယ့် အရသာကောင်းတယ်။

ပြီးတော့ ပြင်ဆင်ရတာလည်း လွယ်ကူတယ်။ အဲဒါကြောင့်  ဒီလမှာ ကိုရီးယားခရမ်းသီးသုပ်ကို သက်သတ်လွတ်ဟင်းပွဲအနေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီအသုပ်မှာ ကိုရီးယား ငရုတ်သီးမှုန့်ကို သုံးပေမယ့် ကျွန်တော်ကတော့ မြန်မာငရုတ်သီးအကျက်မှုန့်နဲ့ ငရုတ်သီး အနီအတောင့်ရှည်ကို သုံးထားပါတယ်။

ပါဝင်ပစ္စည်းများ

ခရမ်းသီး –  ၂ လုံး ( ၅၅၀ ဂရမ်)

ကြက်သွန်ဖြူ –  ၂၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)

ကြက်သွန်မြိတ် –  ၄ ပင် (ပါးပါးလှီးထားပါ)

ပဲငံပြာရည် –  စားပွဲဇွန်း ၃ ဇွန်း

ငရုတ်သီးအနီအတောင့်ရှည် –  ၁ တောင့် (အစေ့ထုတ်ပြီး နုပ်နုပ်စဉ်းထားပါ)

ငရုတ်သီးအကျက်မှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နှမ်းဆီမွှေး –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

နှမ်းလှော် –  အနည်းငယ်

ပြုလုပ်နည်း

၁။        ခရမ်းသီးကို ထက်ခြမ်းခြမ်းပြီး ၄ ပိုင်းဖြတ်ပါ။

၂။         ပြီးလျှင် ပေါင်းအိုးထဲထည့်ပြီး နူးသည်အထိ ပေါင်းပါ။

၃။        နူးလျှင် ပေါင်းအိုးထဲမှ ထုတ်ပြီး အရှည်လိုက် ဓားဖြင့် လှီးပါ။

၄။        အသုပ်သုပ်မယ့် ဇလုံထဲ ခရမ်းသီးကို ထည့်ပါ။ ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်၊ ငရုတ်သီး၊ ငရုတ်သီးအကျက်မှုန့်နှင့် နှမ်းဆီမွှေး တို့ကို ထည့်ပြီး နယ်ပါ။

၅။        ပြီးလျှင် နှမ်းလှော်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu