
22 - October - 2019
ကိုက်လန်နှင့် မှိုမည်းခရုဆီကြော် (Kai-Lan with Black Mushroom in Oyster Sauce)
by Chef Sunny for Food Magazine
ဒီလအတွက် ဖော်ပြပေးလိုတာကတော့ အရွက်ကြော်တစ်မျိုးဖြစ်တဲ့ “ကိုက်လန်နှင့် မှိုမည်းခရုဆီကြော်” လေးပါပဲ။ တရုတ်အစားအစာ ပြင်ဆင်ပုံကို အခြေခံပြီး ပြင်ဆင်ထား ပါတယ်။ ကိုက်လန်ကို မှိုမည်းနဲ့ရောပြီး တစ်မူထူးခြားစွာ ပြင်ဆင်ထားပါတယ်။ နှမ်းဆီမွှေးလေး အုပ်ထားလို့ အစာစားချင်စိတ်ကိုလည်း နှိုးဆွပေးစေပါတယ်။ ကဲ… အခုလို သီတင်းကျွတ်ပိတ်ရက်တွေမှာ တစ်မူထူးခြားတဲ့ အရွက်ကြော်ပူပူလေးတွေ ချက်ကြည့်ကြရအောင်… OK …
ပါဝင်ပစ္စည်းများ
ကိုက်လန်ရွက် – ၁၆၀ ဂရမ်
မှိုမည်း – ၄၅ ဂရမ်
(ပြုတ်ပြီး ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ – ၁၅ ဂရမ် (ဓားပြားရိုက်ထားပါ)
ရှမ်းငရုတ်သီးနီအမျှင် – အနည်းငယ်
ခရုဆီ – ၂ ဇွန်း
ကြက်ပြုတ်ရည် – ၅၀ မီလီလီတာ
နှမ်းဆီမွှေး – အနည်းငယ်
ဟင်းချက်ဆီ – ၃ ဇွန်း
Cooking Directions (ပြင်ဆင်ချက်ပြုတ်နည်း)
၁။ ကိုက်လန်ရွက်ကို သန့်စင်၍ ရေနွေးငွေ့ ဖြင့် ပေါင်း (သို့) ရေနွေးမှာ ပြုတ်ပြီး ပန်းကန်ထဲ ထည့်ထားပါ။
၂။ ကြက်သွန်ဖြူကို ဆီသတ်ပြီး မွှေးလာလျှင် အသင့်လှီးထားသော မှိုမည်းကို ထည့်ကြော်ပြီး ပြုတ် (သို ့) ပေါင်းထားသော ကိုက်လန်ရွက်ကို ထည့်ကြော်ပါ။
၃။ ခရုဆီ ၂ ဇွန်းခန့်နှင့် ကြက်ပြုတ်ရည် ထည့်ကြော်၍ ၂ မိနစ်ခန့်ကြာလျှင် နှမ်းဆီမွှေး အုပ်ပြီး အဆုံးသတ်ပါ။
၄။ ကိုက်လန်ရွက်ကို ဦးစွာပန်းကန်ထဲထည့်၍ ခရုဆီနှင့် မှိုမည်းကို အပေါ်က အုပ်ပြီး ရှမ်း ငရုတ်သီးနီအမျှင်လေးများဖြူး၍ တည်ခင်းပါ။