ကာရီပတ်ဖ် (Spiral Sardine Curry Puff)

by Sofia for Food Magazine

          ဒီမုန့်လေးကို သေသေချာချာ တင်ပြပေးချင်တာက စိတ်ဝင်စားသူများ အိမ်မှာ လုပ်စားနိုင်သလို အိမ်ရှင်မများလည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင်လုပ်ပြီး ရောင်းနိုင်ပါတယ်။ မသိခင်မှာတော့ လက်ဝင် တယ်လို့ထင်ရပေမယ့် လုပ်တတ်သွားရင် အဲဒီမုန့်လေးက လုပ်ရတာ ပျော်စရာကောင်းတဲ့ မုန့်လေးပဲဖြစ်ပါ တယ်။ ဒီနည်းလေးက ဆိုဖီယာရဲ့မိဘတွေ လက်ထက်ကတည်းက လုပ်လာတဲ့နည်း ဖြစ်ပါတယ်။ ဆိုဖီယာ ကတော့ ခဏခဏလည်း လုပ်စားဖြစ်သလို ရောင်းလည်း ရောင်းခဲ့ဖူးပါတယ်။ အရင်ကတော့ ဆိတ်သား၊ အုန်းသီး၊ ပဲတို့နဲ့ ပြုလုပ်နည်းကို တင်ပေးဖူးပြီးသား ဖြစ်ပါတယ်။ ဒီတစ်ခါတော့ ငါးသေတ္တာငါးနဲ့ ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ လုပ်ကြည့်ကြရအောင်နော်။

          အဲဒီမုန့်အပြင်သားပြုလုပ်ဖို့အတွက် ဂျုံကို ၂ ပိုင်းခွဲပြီး နယ်ရပါမယ်။

(၁) ဂျုံနယ်ရန် ပါဝင်ပစ္စည်းများ

ဂျုံမှုန့်  –  ၅၀ဝ ဂရမ်

ဆား  –  အနည်းငယ်

ဆီ  –  ၅၀ ဂရမ်

ဆီပူ  –  ၅၀ ဂရမ်

ရေ  –  ၂၀ဝ မီလီလီတာ

(၂) ဆီစာပြုလုပ်ရန် ပါဝင်ပစ္စည်းများ

ဂျုံမှုန့်  –  ၁၀ဝ ဂရမ်

ဆီ  –  ၅၀ ဂရမ်

အဆာသွတ်ရန် ပါဝင်ပစ္စည်းများ

ငါးသေတ္တာ  –  ၁ ဘူး

ကြက်သွန်နီ  –  ၁ လုံး

ချင်း ကြက်သွန်ဖြူထောင်း  –  ၁ ဇွန်း

နနွင်းမှုန့်  –  အနည်းငယ်

အရောင်တင်  –  အနည်းငယ်

အာလူး  –  ၂ လုံး

မဆလာ  –  အနည်းငယ်

ဆီ  –  အနည်းငယ်

ငရုတ်သီးစိမ်း  –  optional

ပဲစိမ်းလုံး

ကြက်ဥပြုတ်

ပြုလုပ်နည်း

၁။       အဆာသွတ်ရန်အတွက် ငါးသေတ္တာဘူး ၁ ဘူးကို အသုံးပြုပြီး ချက်ထားရမှာ ဖြစ်ပါတယ်။

၂။       ကြက်သွန်နီ ပါးပါးလှီးပြီး နနွင်းမှုန့်၊ အရောင်တင်ဖြင့် ဆီသတ်ပါ။ ချင်းကြက်သွန်ဖြူထောင်း အနည်းငယ် ထည့်ပါ။ ဆီသတ်နံ့မွှေးလာလျှင် အာလူးသေးသေးကို စိတ်ထည့်ပြီး အနည်းငယ်နူးအိသည်အထိ ချက်ပါ။ လိုအပ်ပါက ရေအနည်းငယ် ထည့်ပါ။

၃။       အာလူးကျက်ပါက ငါးသေတ္တာဘူးကို ဖောက်ထည့်၍ အတုံးလေးများဖြစ်အောင် မွှေပြီး ခြေပေးပါ။ လိုအပ်ပါက အရသာဖြည့်စွက်ပြီး နောက်ဆုံးမှာ မဆလာ အနည်းငယ်နှင့် ငရုတ်သီးစိမ်းထည့်၍ သမအောင်မွှေပြီး အအေးခံထားပါ။ ပဲစိမ်းလုံးကို ထည့်လိုပါက အရောင်အတွက် ထည့်ချက်ပေးနိုင်ပါတယ်။ ကြက်ဥပြုတ်ကို အခွံနွှာပြီး အနေတော်အတုံးလေးများဖြတ်၍ အဆာသွတ်သောအခါ ရောထည့်ပေးနိုင်ပါတယ်။

အပြင်ဂျုံသားပြုလုပ်နည်း

၁။       ပထမအမှတ်စဉ် (၁) မှ ဂျုံနယ်ရန်အတွက် ဇလုံတစ်လုံးထဲ ဂျုံနှင့် ဆားထည့်ပြီး သမအောင် မွှေထားပါ။

၂။       ဆီကို ၂ ပိုင်း ခွဲထားပါတယ်။ ဆီပူ ၅၀ ဂရမ်နှင့် ရိုးရိုးဆီ ၅၀ ဂရမ် ဖြစ်ပါတယ်။အိုးတစ်အိုးထဲ ဆီ ၅၀ ဂရမ်ကို အပူပေးထားပါ။ အပူဆုံးအနေအထားအထိ ရရှိပါက ဇလုံထဲရှိ ဂျုံထဲသို့ လောင်းထည့်ပြီး ယောက်မဖြင့် မွှေပါ။

၃။       ဂျုံ၊ ဆား၊ ဆီပူကို သမအောင် မွှေပြီးပါက ကျန်ဆီ ၅၀ ဂရမ် ထည့်ပါ။ ရေကို ဖြည်းဖြည်းချင်း ထည့်ပြီး ဂျုံလုံးချောမွေ့တဲ့အထိ မွှေပါ။ ချောမွေ့ပါက ပလတ်စတစ်ဖြင့် ပတ်၍ ၁၅ မိနစ်ခန့် နှပ်ထားပြီး ၃ လုံးအညီ လုံးထားပါ။

၎။       ဆီစာပြုလုပ်ရန်အတွက် ပန်းကန်တစ်ချပ်ထဲ ဆီနှင့် ဂျုံထည့်ပြီး သမအောင် မွှေပါ။ သုံးပုံအညီအမျှ ပုံထားပါ။

၅။       ပြီးလျှင် အမှတ်စဉ် (၁) မှ ဂျုံလုံးအကြီးကို ပြားပြီး အလယ်မှာ အမှတ်စဉ် (၂)မှ ဆီစာကို ထည့်၍ လုံအောင်ပိတ်ပြီး ၁၀ မိနစ်ခန့် ပြန်နှပ်ထားပါ။

၆။       ဂျုံနှပ်ပါက လိုသလို ဆွဲဖြန့်နိုင်ပြီမို့ စားပွဲမှာ ဂျုံဖြူးပြီး ဆီစာထည့်ထားသော ဂျုံကို ဖိပေး၍ လေးထောင့်အရှည်အနေအထားရအောင် ဖြန့်ပေးပါ။ အထူအပါး ညီအောင် ဖြန့်ပါ။ အတွင်းမှ ဆီစာမထွက်အောင် ဂရုစိုက်ပါ။

၇။       လေးထောင့်အရှည်လိုက် ဖြန့်ပြီးပါက ၃ ခေါက်ချိုး ခေါက်လိုက်ပါ။

၈။       ၃ ခေါက်ချိုးပြီးသား ဂျုံကို အရှည်လိုက် ပြန်ပြီး ဖြန့်ပေးပါ။ ပါးနိုင်သလောက် ပါးအောင် ဖြန့်ပြီး ကျစ်နေအောင် လိပ်ပါ။ အစွန်းဘက်ကို ရေအနည်းငယ် စွတ်ပြီး လိပ်ပါ။ ၃ လုံးကို လိပ်ပြီး ၃ လိပ်ရပါက အဝတ်ဖြင့် အုပ်၍ ခဏပြန်နှပ်ထားပါ။

၉။       ပြီးလျှင် ၁ လိပ်စီကို ဂျုံဖြူး၍ အရှည်လိုက်ရအောင် ပြန်ဖြန့်ပေးပြီး ကျစ်နေအောင် ပြန်လိပ်ပါ။

၁၀။     ၃ လိပ်စလုံးကို ပြန်ဖြန့်၊ ပြန်လိပ်ပြီးပါက ၁ လိပ်ကို ၆ ပိုင်းအညီအမျှ လှီးဖြတ်ပါ။ ဗန်းတစ်ချပ်ထဲ စီထည့်ပြီး ဖုံးထားပါ။

၁၁။     ပြီးလျှင်ဖြတ်ပြီးသား အကွင်းတစ်ခုစီယူပြီး ဂျုံအနည်းငယ်ဖြူး၍ တလိမ့်တုံးဖြင့် ပြန့်အောင် လှိမ့်ပေးပါ။ တလိမ့်တုံးမှာ မကပ်အောင် ဂျုံဖြူးရန် လိုအပ်ပါတယ်။ ကပ်ပါက အလွှာလေးများ ကွာထွက်နိုင်၍ အဆာထည့်ရန် ခက်ပါတယ်။

၁၂။     ဂျုံတစ်ခုစီကိုဖြန့်ပြီး မိမိနှစ်သက်ရာ အဆာတို့ကို ထည့်၍ လခြမ်းပုံခေါက်ပါ။ ဘေးအနားများကို အတွန့်လေးများပေါ်အောင် လိပ်ပေးပြီး ကြော်ရန် အသင့်ဖြစ်ပါပြီ။ မုန့်အဝိုင်းပြုလုပ်လိုပါက ၂ ချပ်အသုံးပြုပြီး အဆာထည့်၍ ပန်းဖော်ပါ။

၁၃။     အားလုံးအဆာထည့်၍ ပန်းဖော်ပြီးပါက ဆီအိုးတည်ပြီး ဆီပူမှာ ၃ မိနစ်ခန့် အထက်အောက်လှည့်ပေးပါ။ အရောင်ရ၍ ကြွပ်သည်အထိ ကြော်ပြီး ဆယ်ယူ၍ ဆီစစ်ကာ အအေးခံပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments