ကဏန်းပျော့ပေါင်းဟင်းလျာ

ကဏန်းပျော့ပေါင်းဟင်းလျာ

            ဆက်လက်ပြီးတော့ ကဏန်းပျော့ပေါင်းဟင်းလျာလေးကို ချက်ပြုတ်ပြင်ဆင်ရအောင်ဗျာ။

►   ပါဝင်ပစ္စည်းများ

♦   ကဏန်းပျော့   –   ၃ ကောင်

♦   ပန်းငရုတ်ပွ (စိမ်း)   –   ၁ လုံး (ကြီး)

♦   ငရုတ်သီးအနီအတောင့်   –   ၁ တောင့်

♦   ကြက်သွန်ဖြူ   –   ၃ တက်

♦   ကြက်သွန်နီ   –   ၁ လုံး

♦   ချင်း   –   ၅ဝ ဂရမ်

♦   တရုတ်နံနံပင်   –   ၂ ပင်

♦   ကြက်သွန်မြိတ်   –   ၂ ပင်

♦   ခရုဆီ   –   စားပွဲဇွန်း ၂ ဇွန်း

♦   ကြက်သားမှုန့်   –   စားပွဲဇွန်း ၁ ဇွန်း

♦   သကြား   –   စားပွဲဇွန်း ၁/၂ ဇွန်း

♦   ပဲငံပြာရည်အကြည်   –   လက်ဖက်ရည်ဇွန်း ၂ ဇွန်း

♦   ငရုတ်ကောင်း   –   လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

♦   ကြက်ဥ (အကာ)   –   ၁ လုံး

♦   ကော်မှုန့်   –   စားပွဲဇွန်း ၂ ဇွန်း

♦   ရေ   –   သင့်တော်သလို

♦   ဆီ   –   စားပွဲဇွန်း ၁ ဇွန်း

►   ချက်ပြုတ်နည်း

            ကဲ . . . ပါဝင်ပစ္စည်းတွေလည်း ရပြီဆိုရင်တော့ စပြီး ပြဆင်ရအောင်ဗျာ။

၁။        ပထမဦးဆုံး ကြက်သွန်ဖြူကို ဓားပြားရိုက်၊ ချင်းကို အမျှင်ဖြစ်အောင်လှီး၊ ကြက်သွန်နီကို ပါးပါးလှီး ထားမယ်ဗျာ။

၂။        ပန်းငရုတ်ပွကိုလည်း အချောင်းလေးတွေလှီး၊ ငရုတ်သီးအနီကိုလည်း အကွင်းလိုက် ပါးပါးလှီးမယ်။

၃။        ရပြီဆိုရင်တော့ ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ။ ဆီပူရင်တော့ ကြက်သွန်ဖြူ၊ နီနှင့် ချင်းကို ဆီသတ်ပါ။

၎။        အနံ့မွှေးလာပြီဆိုရင်တော့ ရေထည့်ပါ။ ပြီးရင် ကဏန်းပျော့များထည့်ပြီး ပြုတ်ပါ။ ရေကိုလည်း တစ်ဝက်မြုပ်အနေထားအထိ ထည့်ပါ။

၅။        အရသာများထည့်ပါ။ တရုတ်နံနံအနည်းငယ် ခြွေထည့်ပါ။ ဒါမှ အနံ့မွှေးမှာ ဖြစ်ပါတယ်။

၆။        ကဏန်းနူးပြီဆိုရင်တော့ ကဏန်းကိုဆယ်ပြီး ပန်းကန်ထဲတွင် ပြင်ထားပါ။

၇။        ကျန်နေတဲ့ ပြုတ်ရည်ကို ဆော့စ်ချက်ရအောင်ဗျာ။ ဟင်းရည်ထဲကို ပန်းငရုတ်ပွနဲ့ ငရုတ်သီးနီထည့်ပါ။ အရသာမြည်းကြည့်ပါ။ အရသာ အနေတော်ဖြစ်ပြီဆိုရင်တော့ ကော်မှုန့်ကို ရေနဲ့ဖျော်ပြီးထည့်ပါ။

၈။        ဟင်းရည်ပျစ်လာပြီး ဆော့စ် အနေအထားရပြီဆိုရင်တော့ ကြက်ဥအကာကို ခေါက်ပြီး အမျှင်များဖြစ်လာအောင် ဆော့စ်ကိုမွှေပြီး ကြက်ဥအကာကို ကြွက်မြှီးတန်း လောင်းထည့်ပေးပါ။

၉။        အရသာတွေအားလုံး အဆင်ပြေပြီဆိုရင်တော့ ကဏန်းပျော့ပေါ် လောင်းထည့်ပြီး သုံးဆောင်လို့ ရပါပြီဗျာ။

            ** ဒီဟင်းမှာ တစ်ခုသတိထားရမှာက ကဏန်းပျော့ကိုထည့်ပြီး ပြုတ်တဲ့အချိန်မှာ ဖြည်းဖြည်းမွှေပေး၊ လှန်ပေးပါ။ ကဏန်းကြေသွားမယ်ဆိုရင် ပုံစံလည်း ပျက်သွားမယ်ဆိုရင် ဟင်းပွဲပြင်ရင် မလှဘဲ ဖြစ်နေပါလိမ့်မယ်။ ဒီနေရာမှာ ကဏန်းမဟုတ်ဘဲ ငါးနဲ့ဆိုရင် စားလို့ကောင်းပါတယ်။ ငါးနဲ့ စားမယ်ဆိုရင်တော့ စပါးလင်လေးတော့ ထည့်ပေးဖို့ မမေ့နဲ့နော်။

♦   အံ့ဝင့်ထွဋ်   ♦

Facebook Comments