ကဏန်းပျော့ချဉ်စပ် (Hot & Spicy Soft Shell Crab)

by Sofia for Food Magazine

          ထမင်းမြိန်စေမယ့် ချက်ရလွယ်ကူမြန်ဆန်တဲ့ ဟင်းတစ်ခွက်လည်း ဖြစ်ပါတယ်။ ဆိုဖီယာတော့ ဆီပြန်ဟင်းတွေကို အချိန်ပေးပြီး တစ်မနက်ခင်းလုံးချက်ရတဲ့ ဟင်းတွေထက်စာရင် အခုလို အခုကြော်၊ အခုစား အကြော်ဟင်းပွဲလေးတွေ ပိုကြိုက်ပါတယ်။ ချက်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ကဏန်းပျော့  –  ၂ ကောင်

ကြက်သွန်နီ  –  ၂ လုံး (အနေတော်)

ချင်း၊ ကြက်သွန်ဖြူထောင်း  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  ဇွန်းတစ်ဝက်

ဟင်းခတ်မှုန့်  –  ၁ ဇွန်း

ကော်မှုန့်  –  ၂ ဇွန်း

ငရုတ်ချဉ်  –  စားပွဲဇွန်း ၂ ဇွန်း

          (ဈေးမှာ ရှမ်းချဉ်ဖြင့် တွဲရောင်းတဲ့ ငရုတ်ချဉ်ရှိပါတယ်။ အခုတော့ ကိုယ်တိုင်လုပ်ထားတဲ့ ငရုတ်ချဉ်နဲ့ ကြော်ထားတာပါ။)

ခရမ်းချဉ်သီး  –  တစ်ခြမ်း

ကြက်သွန်မြိတ်  –  ၂ ပင်

ငရုတ်သီးစိမ်းအနီ  –  ၃ တောင့်

သံပရာသီး  –  တစ်ခြမ်း

ဆီ  –  လိုသလောက်

ချက်ပြုတ်နည်း

၁။       ဦးစွာ ကဏန်းကို ရေဆေး၍ ဆား၊ ဟင်းခတ်မှုန့်၊ ချင်း ကြက်သွန်ဖြူထောင်းနှင့် ကော်မှုန့်တို့ကိုထည့်ပြီး နယ်ထားပါ။ အရသာ တစ်ဝက်သာ ထည့်ပြီး တစ်ဝက်ကို ဟင်းအနှစ်အတွက် ချန်ထားပါ။

၂။       ကြက်သွန်နီ မထူမပါးလှီးထားပါ။ ခရမ်းချဉ်သီး သုံးမြှောင်း ခပ်ထူထူစိတ်ထားပါ။ ငရုတ်သီး ထက်ခြမ်းခြမ်းထားပါ။ ကြက်သွန်မြိတ် ၁ လက်မအရှည် ဖြတ်ထားပါ။

၃။       အားလုံးအဆင်သင့်ဖြစ်ပါက ကဏန်းကြော်ရန် ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။

၎။       ဆီပူလျှင် ကဏန်းပျော့ကို ထည့်ကြော်ပါ။ ၃ မိနစ်မှ ၄ မိနစ်ခန့်ကြော်ပြီး ဆယ်ယူ၍ ဆီစစ်ကာ ပန်းကန်မှာ တည်ခင်းထားပါ။

၅။       ပြီးလျှင် ဆီအချို့ကို ဖယ်ထုတ်ပါ။ (ဆီအနည်းငယ် ပိုထည့်ပေးမှ ဟင်းပွဲလှပါတယ်။) မီးပြင်းဖြင့် ကြက်သွန်ထည့်ပြီး အရောင်ပြောင်းရုံကြော်ပါ။ ငရုတ်ချဉ်ထည့်ပါ။ (မွှန်ပါတယ်) လက်ကျန် အရသာဖြည့်စွက်ပါ။

၆။       အရောင်ပြောင်းပါက ကြက်ပြုတ်ရည် သို့မဟုတ် ရေအနည်းငယ် ထည့်ပေးပါ။ ဆီ နည်းနည်းထည့်ပါ။

၅။       သံပရာသီးညှစ်ပြီး အရသာအပေါ့အငန်မြည်းပါ။

၆။       ငရုတ်သီးခြမ်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်ထည့်၍ သမအောင်မွှေပြီး မီးဖိုမှချကာ အသင့် ကြော်ထားသော ကဏန်းပျော့အပေါ်မှ ဆမ်းပေးပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။ (မီးပြင်းဖြင့် ကြော်ပြီး အရည်စပ်စပ်ဖြင့် ချပါ။ ကြက်သွန် တအားခြောက်ပြီး နွမ်းလျှင် စားမကောင်းပါ။)

Facebook Comments