ကဏန်းသား ကင်မ်ချီ ပန်ကိတ်၊ ကဏန်းကြာဆံခွက်ကြော်နှင့် ကဏန်းသား ကင်မ်ချီဟင်းချို

by Chef Sunny for Food Magazine

          နောက်ထပ်ဟင်းလျာအတွဲအစပ်အနေနဲ့ “ကဏန်းသား ကင်မ်ချီ ပန်ကိတ်၊ ကဏန်းကြာဆံခွက်ကြော်နှင့် ကဏန်းသား ကင်မ်ချီဟင်းချို” လေးပါပဲ။ ကိုရီးယားကင်မ်ချီ ပန်ကိတ်လေးကို ကဏန်းသားလေးနဲ့ ကြော်ထားတာကြောင့် ဆန်းသစ်မယ်လို့ထင်ပါတယ်။ အသင့်စား ကဏန်းကြာဆံခွက်ကိုလည်း ကိုရီးယားစတိုင်လေးဖြစ်အောင် ကိုရီးယား ငရုတ်သီးအနှစ်လေးနဲ့ ကြော်ထားပါတယ်။ အအီပြေအောင် ကဏန်းသားကင်မ်ချီ ဟင်းရည်လေးကိုလည်း အတွဲအစပ်မိအောင် ချက်ပြထားတာမို့ ချက်ကြည့်လိုက်ရအောင်ဗျာ…။

ကဏန်းသား ကင်မ်ချီပန်ကိတ်

ပါဝင်ပစ္စည်းများ

ပန်ကိတ် အမှုန့်   –  ၂၀ဝ  ဂရမ်

နွားနို့   –  ၁၈၀  မီလီလီတာ

ကြက်ဥ  –  ၁ လုံး

ကိုရီးယား ငရုတ်သီးအနှစ်  –  ၁ ဇွန်း

ကင်မ်ချီ  –  ၁၀ဝ ဂရမ်

ထောပတ်  –  ၁၅ ဂရမ်

ကုဆိုင်ရွက်  –  ၅၀ ဂရမ်

ကဏန်းသား  –  ၁၀ဝ ဂရမ်

ငါးတိုဟူး  –  ၅၀ ဂရမ်

ဆလတ်ရွက်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ပန်ကိတ်အမှုန့်၊ နွားနို့နှင့်ကြက်ဥတို့ကို ကိုရီးယားငရုတ်သီးအနှစ်အနည်းငယ်နှင့် ရောမွှေထားပါ။

၂။       ကဏန်းသား၊ ငါးတိုဟူးနှင့် ကုဆိုင်ရွက်တို့ကို အသင့်သန့်စင်ပြီး လှီးထားပါ။

၃။       ထောပတ်ကို ဒယ်ပြားမှာ အပူပေးပြီး အသင့်ရောစပ်ထားသော ပန်ကိတ်အနှစ်ကို ထည့်ပါ။ ပြီးလျှင် အသင့်လှီးထားသော ကင်မ်ချီ၊ ကဏန်းသား၊ ငါးတိုဟူးနှင့် ကုဆိုင်ရွက်တို့ကို ထည့်ကြော်ပါ။

၎။       ပန်ကိတ်အောက်ခြေ အနည်းငယ်ကျက်လျှင် အခြားတစ်ဖက်သို့ လှန်ပေးပြီး ကျက်အောင် ကြော်ပေးပါ။

၅။       ကဏန်းသား ကင်မ်ချီပန်ကိတ် ကျက်လျှင် အသင့်သန့်စင်ထားသော ဆလတ်ရွက် အနည်းငယ်ဖြင့် အလှဆင်ပြီး တည်ခင်းပါ။

ကဏန်းကြာဆံခွက်ကြော်  

ပါဝင်ပစ္စည်းများ

ကဏန်း ကြာဆံခွက်  –  ၈  ခု (အသင့်စား)

ငါးတိုဟူး  –  ၈  ခု

ရှီမေးဂျိမှို  –  ၁၅၀  ဂရမ်

ကြက်သွန်ဖြူ  –  ၃၀   ဂရမ်

ကြက်သွန်နီ  –  ၃၀   ဂရမ်

ထောပတ်  –  ၁၅  ဂရမ်

ကင်မ်ချီ  –  ၅၀ ဂရမ်

ကိုရီးယား ငရုတ်သီးအနှစ်  –  ၃၀   ဂရမ်

ဆလတ်ရွက်  –  အနည်းငယ်

အသားမှုန့်  –  အနည်းငယ်

ငါးငံပြာရည်  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ထောပတ်၊ ကြက်သွန်ဖြူနှင့်  ကြက်သွန်နီတို့ကို ဆီသတ်ပါ။ ကြက်သွန်ဖြူကျက်လျှင် ရှီမေးဂျိမှို ထည့်ကြော်ပြီး ကိုရီးယားငရုတ်သီးအနှစ်၊ ရေနွေးတို့ဖြင့် ဟင်းအနှစ် ချက်ပါ။ အရသာကို  အသားမှုန့်၊ ငါးငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ထိန်းညှိ ပေးပါ။

၂။       အသင့်စား ကဏန်းကြာဆံခွက်နှင့် ငါးတိုဟူးတို့ကို ဆီမြှုပ်ပြီး ကြော်ထားပါ။

၃။       အသင့်သန့်စင်ထားသော ဆလတ်ရွက်အနည်းငယ်ကို အလှဆင်၍ အသင့်ချက် ထားသော ရှီမေးဂျိမှိုဆော့စ်ကို အောက်မှ ခံထားပြီး အသင့်ကြော်ထားသော

ငါး၊ တိုဟူးနှင့် ကဏန်းကြာဆံခွက်ကြော်တို့ကို တည်ခင်းပါ။

 

ကဏန်းသားကင်မ်ချီ ဟင်းချို

ပါဝင်ပစ္စည်းများ

ကင်မ်ချီ  –  ၁၆၀ ဂရမ်

ကဏန်းသား  –  ၁၀ဝ ဂရမ်

ငါးတိုဟူး  –  ၁၀ဝ ဂရမ်

ကိုရီးယား ငရုတ်သီးအနှစ်  –  ၃၀ ဂရမ်

မုန်ညင်းစိမ်း  –  အနည်းငယ်

ငါးငံပြာရည်  –  ၃၀ မီလီလီတာ

ကြက်သားမှုန့်   –  ၁၅ ဂရမ်

ငရုတ်ကောင်းမှုန့်  –  ၂  ဂရမ်

ချင်း  –  ၃ ဂရမ်

ကြက်သွန်ဖြူ  –  ၁၅ ဂရမ်

ပြုလုပ်နည်း

၁။       ရေနွေးကို ဆူအောင်ကျိုပြီး ချင်းနှင့် ကြက်သွန်ဖြူတို့ကို ဓားပြားရိုက်ထည့်ပါ။ အသင့်လှီးထားသော ကင်မ်ချီနှင့် ကိုရီးယားငရုတ်သီးအနှစ် ထည့်ချက်ပါ။

၂။       အသင့်လှီးထားသော ငါးတိုဟူးနှင့် ကဏန်းသားတို့ကို ထည့်ချက်ပြီး အရသာကို ငါးငံပြာရည်၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ထိန်းညှိပေး၍ မုန်ညင်းစိမ်း အနည်းငယ်အုပ်ပြီး တည်ခင်းပါ။

Facebook Comments