ကင်းမွန် ငါးဖယ်အဆာသွတ်နှင့် အသီးအရွက်စုံသုပ်

by Chef Ko Sunny for Food Magazine

          ဒီလအတွက် ဖော်ပြပေးလိုက်တဲ့ ဟင်းလျာအတွဲနောက်တစ်ခုကတော့ “ကင်းမွန် ငါးဖယ်အဆာသွတ်နှင့် အသီးအရွက်စုံသုပ်” လေးပါပဲ။ ထိုင်းအစားအစာ ပြင်ဆင်နည်းလေးကို အခြေခံပြီး ပြင်ဆင်ထားပါတယ်။ ငါးဖယ်ကို ထိုင်းအနီရောင် ဟင်းအနှစ်နဲ့ အရသာသွင်းပြီး ကင်းမွန်ငါးထဲ အဆာသွတ်ပေါင်းထားတာမို့ ထမင်းမြိန်စေမှာပါ။ တွဲဖက်စာအဖြစ်  အသီးအရွက်စုံကို အစိမ်းသုပ်ထားပြီး ထိုင်းရိုးရာ ချဉ်စပ်ဆော့စ်လေးနဲ့ ပြင်ဆင်ထားပါတယ်။ ကဲ… လွယ်ကူပြီး အရသာထူးခြားတဲ့ “ကင်းမွန် ငါးဖယ်အဆာသွတ်နှင့် အသီးအရွက်စုံသုပ်” လေး ပြင်ဆင်ကြည့်ရအောင်… OK…

ပါဝင်ပစ္စည်းများ

ငါးဖယ်အသားခြစ်  –  ၁၆၀  ဂရမ်

ကင်းမွန်  –  ၃၂၀  ဂရမ်

ထိုင်း အနီရောင်ဟင်းအနှစ်  –  ၁ ဇွန်း

ကြက်ဥ  –  ၁ လုံး

ကော်မှုန့်   –  ၂ ဇွန်း

ဂျုံမှုန့်   –  ၂ ဇွန်း

အဝါရောင်ငရုတ်ပွ  –  ၄၀ ဂရမ်

အနီရောင် ငရုတ်ပွ  –  ၄၀ ဂရမ်

အစိမ်းရောင် ငရုတ်ပွ  –  ၄၀ ဂရမ်

မုန်လာဥနီ  –  ၄၀ ဂရမ်

သခွားသီး  –  ၄၀ ဂရမ်

ငရုတ်သီး အနီမှည့်  –  ၅၀ ဂရမ်

ငရုတ်သီးစိမ်း  –  ၅၀ ဂရမ်

သံပရာရည်  –  ၁ ဇွန်း

ရှလကာရည်  –  ၁ ဇွန်း

ငါးငံပြာရည်  –  ၁ ဇွန်း

ငရုတ်သီးချိုစပ်ဆော့စ်  –  ၂  ဇွန်း

နံနံပင်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ငါးဖယ်အသားခြစ်ကို ထိုင်း အနီရောင်ဟင်းအနှစ်၊ ကြက်ဥ၊ ဂျုံမှုန့်၊ ကော်မှုန့်တို့နှင့် အရသာသွင်း၍ အသင့်သန့်စင်ထားသော ကင်းမွန်ထဲသို့ အဆာသွတ်ထားပြီး ရေနွေးငွေ့ဖြင့် ပေါင်းထားပါ။

၂။       အသီးအရွက်စုံကို အမျှင်ပါးပါးလှီးပြီး ရေခဲရေထဲ စိမ်ထားပါ။ ငရုတ်သီးမှည့်အနီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သံပရာရည်၊ ရှလကာရည်၊ ငါးငံပြာရည်နှင့် ငရုတ်သီးချိုစပ် ဆော့စ်တို့ကို ရောမွှေပြီး အချဉ်စပ်ထားပါ။

၃။       ကင်းမွန်ငါးဖယ်အဆာသွတ်ကျက်လျှင် အသင့်ပြင်ဆင်ထားသော အချဉ်ဆော့စ်၊ အသီးအရွက်စုံ သုပ်တို့နှင့် တွဲဖက်တည်ခင်းပါ။

Facebook Comments