
16 - November - 2017
by Meemeetofu for Food Magazine
ဒီဟင်းပွဲလေးရဲ့ အရသာက အချိုအစပ်ကဲပြီး ကြက်သွန်နီ၊ ငရုတ်သီးမှုန့်၊ ကြက်သွန်မြိတ်၊ ချင်းနှင့် ကြက်သွန်ဖြူအနံ့လေးတွေနဲ့ ပေါင်းစပ်ထားတယ်။ ထမင်းဖြူလေး စေးစေးအိအိလေးနဲ့ တွဲစားလို့ကောင်းသလို ရေနွေးကြမ်းနဲ့ အဆာပြေစားလို့လည်း ကောင်းပါတယ်။ ကိုရီးယားဆိုင်မှာ စမှာစားခဲ့စဉ်က ကင်းမွန်အသားက ဝါးလို့မရ၊ စားလို့မရအောင် မာလွန်းနေပြီး အရသာအစပ်အဟပ်ကျတော့ တည့်နေတယ်။ နောက်တစ်ဆိုင်ပြောင်းစားလည်း ထူးမခြားနားဘဲ။ အဲဒါနဲ့ ကိုယ့်အိမ်မှာပဲ ကြော်စားတော့ စားကောင်းသား။ ဒါပေမဲ့ အနံ့ကျတော့ မတူ။ အဲဒါနဲ့ ကိုရီးယားအနံ့အသက်လေးထွက်အောင် ဘယ်လိုလုပ်ဆိုတာ နာမည်ကြီး ကိုရီးယားဘလော့ဂါ မန်ချီဆီမှာ သွားလေ့လာခဲ့သေးတယ်။
ပါဝင်ပစ္စည်းများ
ကင်းမွန် – ၄၀ဝ ဂရမ်
ကြက်သွန်နီ – ကြီးကြီး ၁ ခြမ်း
ကြက်သွန်မြိတ် – ၄ ပင်
ကြက်သွန်ဖြူ – ၂ မြွှာ
ချင်း – ပါးပါး ၃ ပြား
ငရုတ်သီးအရောင်မှုန့် – စားပွဲဇွန်း ၁ ဇွန်း
နှမ်းဆီမွှေး – အနည်းငယ်
ပျားရည် – အနည်းငယ်
သကြား – စားပွဲဇွန်းတစ်ဝက်
ပဲငံပြာရည် – သင့်ရုံ
ငါးငံပြာရည် – သင့်ရုံ
ပြောင်းကော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ – စားပွဲဇွန်း ၁ ဇွန်း
မုန်လာဥနီ
ကြော်နည်း
၁။ ကင်းမွန်ကို ထက်ခြမ်းခွဲပါ။ အတွင်းဘက်က အစာအိမ်နှင့် အနှစ်များကို ခေါင်းနှင့်အတူ ဖယ်ပါ။ အရေခွံနွှာပါ။ ခေါင်းကို အလယ်ကနေ ထက်ခြမ်းခြမ်းပါ။ မျက်စိများကို အလွယ်တကူဆွဲထုတ်နိုင်ပါလိမ့်မယ်။ သွားကဲ့သို့ မာနေတာကို ဖယ်ပါ။ ကင်းမွန်ကိုယ်လုံးနှင့် ခေါင်းကို ဆားနှင့် ပွတ်နယ်ပြီးဆေးပါ။ ရေများများနှင့်ဆေးပါ။
၂။ ခေါင်းနှင့် နှာမောင်းကို ၂ ပိုင်းဖြတ်ပါ။ နှာမောင်းရှည်နေလျှင် ၃ ပိုင်းဖြတ်ပါ။
၃။ ကင်းမွန်ကိုယ်ထည်ကို လှီးတဲ့အခါ အကွက်ပေါ်ချင်ရင် ကင်းမွန်ရဲ့ အတွင်းဘက်ကနေ ဓားရာ အစင်းကြောင်း လေးများ ပေးရပါတယ်။ ကင်းမွန်အကောင်ကို ဖြန့်ချလိုက်ပါ။ လည်ပင်းလို နေရာရဲ့ အစွန်းဘက်မှ အမြီးဆုံးသည်အထိ ထောင့်ဖြတ် ဓားရာလေးများ ပေးသွားပါ။ ပြတ်သွားအောင် မလှီးမိဖို့ သတိထားပါ။ လည်ပင်းရဲ့ အခြား တစ်ဖက်စွန်းကနေ ခုန ဓားရာနဲ့ ဆန့်ကျင်ဘက် ထောင့်ဖြတ် ဓားရာလေးများ ထပ်ပေးပါ။ အကွက်ပုံစံလေး ဖြစ်လာပါလိမ့်မယ်။ အကောင် အကြီး၊ အသေးအပေါ်မူတည်ပြီး လည်ပင်းမှ အမြီးအထိ ဒေါင်လိုက် ၃-၄ ပိုင်း ပိုင်းပါ။ တစ်ပိုင်းစီကိုမှ ကန့်လန့်ဖြတ် လက် ၂ လုံးအရွယ် အပိုင်းလေးများဖြတ်ပါ။
၎။ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး ကြမ်းကြမ်းလှီးထားပါ။ ကြက်သွန်မြိတ်ကို ၂ လက်မ အရွယ်ဖြတ်ပါ။ မုန်လာဥနီ ကို ၂ လက်မအရွယ်ဖြတ်ပြီး အချောင်း အတောင့်လေးများ လှီးထားပါ။
၅။ ကြက်သွန်ဖြူနှင့် ချင်းကို ဓားပြားရိုက်၊ နုပ်နုပ်စဉ်းပါ။ ခွက်တစ်ခုထဲ ထည့်ပါ။ ငရုတ်သီးအစိမ်းမှုန့်၊ သကြား၊
ငါးငံပြာရည်နှင့် ပဲငံပြာရည်တို့ကိုထည့်ပြီး သမအောင်မွှေထားပါ။
၆။ ဒယ်အိုးထဲ ဆီထည့်ပါ။ ကြက်သွန်နီထည့်ပါ။ မီးပြင်းပြင်းဖြင့် ကြော်ပါ။ အနားသား ကျွမ်းလာချိန်မှာ (အနား သားကျွမ်းရပေမယ့် ကြက်သွန်နီက နွမ်းအိမသွားရပါ) ကျန်အသီးရွက်များထည့်၊ ကင်းမွန်ထည့်မွှေပါ။ ဆော့စ် ထည့်မွှေပါ။ (အကြာကြီး မကြော်ရ၊ ကင်းမွန် မာသွားတတ်ပါတယ်) ကော်ရည်ထည့်မွှေပါ။ နှမ်းဆီမွှေး၊ ပျားရည်ထည့်မွှေကာ အရသာ လိုအပ်သလိုပြုပြင်ပြီး ပူပူနွေးနွေးသုံးဆောင်ပါ။