ကင်းမွန်အဆာသွတ်အချိုပွဲ (ထားဝယ်)

Htet_6

Htet_7

Htet_8

Htet_9

     ကျွန်မဘဝမှာ ကင်းမွန် (ပြည်ကြီးငါး)နဲ့ အချိုပွဲလုပ်စားတာကို ဒီတစ်ခါပဲ သေသေချာချာ သိရှိခဲ့ရတယ်။ တစ်ခါမှလည်း မကြားဖူး မစားဖူးဘူးပေါ့။ ကျွန်မသူငယ်ချင်းမလေးက သူအမျိုးသားက ထားဝယ်သားစစ်စစ်မို့ ဒီအချိုပွဲကိုစားကြည့်ဖို့ တိုက်တွန်းတာနဲ့ ကျွန်မ လုပ်စားဖြစ်တာပဲ။ မထင်မှတ်ဘဲ သားကြီးက ပင်လယ်စာကြိုက်သူပီပီ ဘေးကဘာရပ်ကြည့်ရင်းနဲ့ မေမေစားလို့ ရမလား မေးပါတယ်။ ကျွန်မက သားက အချိုဆို သိပ်ကြိုက်မှာ မဟုတ်ဘူးဆိုတော့ သူမြည်းကြည့်ပြီး သူအရမ်းကြိုက်ပါတယ်တဲ့။ သူတော်တော်ကို စားပစ်လိုက်တယ် ။ ကျွန်မမှာ အံ့သြဝမ်းသာဖြစ်ရတဲ့ အချိုပွဲလေးပေါ့။

►    ပါဝင်ပစ္စည်းများ
♦    ပြည်ကြီးငါး    –    ၃ လက်မအရှည်ရှိ ၃ ကောင်
♦    ကောက်ညှင်း    –    ဆန်ချိန်ခွက် Rice Cooker ခွက်တစ်ဝက်
♦    အုန်းနို့    –    တစ်ဘူး ၂၅၀ ml
♦    ဆား    –    အချိုဇွန်း ၁ ဇွန်း
♦    သကြား    –    စားပွဲဇွန်း ၆ ဇွန်း

►   ပြုလုပ်နည်း
၁။    ပြည်ကြီးငါးများကို ခေါင်းဖြတ်သုတ်မှင်ချောင်းဖယ်ပြီး အပေါ်ယံအလွှာကို ခြစ်ကာ လွှာလိုက်ပါတယ်။ အတွင်းအပြင်ကို သေချာစွာ ဆေးကြောလိုက်ပါတယ်။
၂။    ကောက်ညှင်းကို အုန်းနို့တစ်ဝက်ထဲ့ပြီး ရေအနည်းငယ်ဖြည့်ကာ သကြား ၃ ဇွန်းနဲ့ ဆားထဲ့ပြီး ချက်ထားလိုက်ပါတယ်။
၃။    ပြီးမှ ကောက်ညှင်းအုန်းနို့ချက်ကို ပြည်ကြီးငါးမှာ အဆာသွတ်ကာ သွားကြားထိုးတံလေးနဲ့ ပိတ်ထားလိုက်ပါ။ ထည့်တဲ့အခါ အလွန်ပြည့်သိပ်မနေဘဲ နည်းနည်းလေးနေရာချိန်ပြီး အဆာသွတ်ပါ။ ပြည်ကြီးငါးက အနည်းငယ် ကျုံ့သွားအုံးမှာမို့ပါ။
၎။    အုန်းနို့အကျန်များကို ဒယ်တစ်ခုပေါ်မှာ မီးအေးအေးတည်ကာ မွှေပေးပါ။ သကြား ၃ ဇွန်းထည့်ပြီး ဆီပြန်ကာနီးမှာ ပြည်ကြီးငါးများထည့်လှိမ့်ပေးပါ။ ရေ ၃ ဇွန်းစာခန့် ထည့်ဖြည့်ကာ ပြည်ကြီးငါးနူးလာရင် ဖောင်းဖောင်းလေးဖြစ်ပြီဆိုရင် ရပါပြီ။
၅။    တည်ခင်းတဲ့အခါ ပြည်ကြီးငါးကို အပိုင်းပိုင်းလှီးဖြတ်ပြီး အုန်းနို့ချက်ကို ဆမ်းကာစားနိုင်ပါပြီ။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments

Menu