ကင်းမွန်အချိုချက်

ကင်းမွန်အချိုချက်

          ဒီဟင်းလေးကို ကျွန်တော်အခုဖွင့်ထားတဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ဝင်းထဲက My Foodies ဆိုင်မှာ အမြဲစားနေတဲ့ ဖောက်သည်တစ်ယောက်ကြောင့် ချက်ဖြစ်သွားတာပါ။ ပင်လယ်စာတွေဆိုရင် ထိုင်းပုံစံ ပူပူစပ်စပ်တွေ ချက်လေ့ရှိတဲ့ကျွန်တော့်ကို Complain လုပ်ပါတယ်။ အပူအစပ်မစားနိုင်တဲ့သူတွေဆို ဒီဆိုင်ကပင်လယ်စာကို စားရတော့မှာမဟုတ်ဘူးဆိုပြီး ပြောလိုက်လို့ ဒီ ဟင်းကို နောက်နေ့မှာ ချက်ပေးလိုက်ပါတယ်။ ဒီချက်နည်းလေးက ရိုးရိုးရှင်းရှင်းလေးဖြစ်ပေမယ့် လူတော်တော်များများ မသိသေးတဲ့ အချက်ကလေးတွေကို သုံးထားပါတယ်။ မအိသက် ပြောပြလို့သိရတဲ့ ဟင်းသီးဟင်းရွက်အစိမ်းတွေကို အရောင်ပြောင်းမသွားအောင် ကြော်တဲ့နည်းလေးကလည်း ကျွန်တော့်အတွက် တန်းဖိုးရှိတဲ့နည်းလေးဖြစ်လို့ မအိသက်ကိုလည်း ကျေးဇူးတင်ရပါတယ်။ နောက်တစ်ခုက ကင်းမွန်ကို ဓားနဲ့မွှမ်းတဲ့ နည်းလေးပါ။ ကင်းမွန်ကို ဓားရာပေးရင် ကင်းမွန်ရဲ့အတွင်းသားကို ဓားရာပေးရတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီနည်းလေးကလည်း ကျွန်တော့်ဆိုင်မှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အလုပ်လုပ်သွားတဲ့ စားဖိုမှူးတစ်ယောက်ဆီက သင်ယူခဲ့ရတဲ့ နည်းလေးဖြစ်ပါတယ်။ သင်ဆရာ မြင်ဆရာအားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ စကားလည်း နည်းနည်းရှည်သွားပြီဖြစ်လို့ ချက်နည်းလေးဘက်လှည့်လိုက်ရအောင် . . ။

ကင်းမွန်အချိုချက်အတွက် ပါဝင်ပစ္စည်းများ

♦   ကင်းမွန်   –   ၅ ကောင်

     (လှီးဖြတ်သန့်စင်ပြီး ကင်းမွန်အသားများကို ဓားဖြင့်မွှမ်းထားပါ)

♦   ကြက်သွန်ဖြူ   –   ၂ တက် (စဉ်းထားပါ)

♦   ငရုတ်ပွ   –   ၂ လုံး

     (တစ်ခြမ်း ၄ စိတ် တစ်လုံး ၈ စိတ်ပုံစံလှီးဖြတ်ထားပါ)

♦   ခရမ်းချဉ်သီး   –   ၂ လုံး

     (တစ်ခြမ်း ၄ စိတ် တစ်လုံး ၈ စိတ်ပုံစံ လှီးဖြတ်ထားပါ)

♦   ကြက်သွန်နီ   –   ၂ ဥ

     (တစ်ခြမ်း ၄ စိတ် တစ်လုံး ၈ စိတ်ပုံစံလှီးဖြတ်ထားပါ)

♦   ကြက်သွန်မြိတ်   –   အဖြူရောင်အရင်းပိုင်း ၂ ခု

     (အရှည်လိုက်ပါးပါးလှီးထားပါ)

♦   ခရုဆီ   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   သကြား  –   အနည်းငယ်

♦   ဆား   –   အနည်းငယ်

♦   ကင်းမွန်ငံပြာရည်   –   လက်ဖက်ရည်ဇွန်း ၂ ဇွန်း

♦   ခေါင်းစိမ်းပဲငံပြာရည်   –   စားပွဲဇွန်း တစ်ဝက်

♦   တရုတ်မဆလာ   –   အနည်းငယ်

►   ချက်ပြုတ်ပုံ

၁။      ပထမဦးစွာ မွှမ်းပြီးလှီးဖြတ်ထားသော ကင်းမွန်များကို ဆီပူမှာ ၅ မိနစ်ခန့် မီးပြင်းနဲ့ကြော်ရပါမယ်။ ပြီးရင် ကင်းမွန်များကိုဆယ်ထားပြီး ကျန်နေတဲ့ ဆီပူမှာ ဆားအနည်းငယ်ခတ်လိုက်ပါ။ (အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ အရောင်မည်း မသွားအောင်ကြော်ချင်ရင် ဆီပူပူမှာ ဆားခတ်ပေးပြီး ကြော်ရပါတယ်)

၂။      ကြက်သွန်ဖြူ၊ ငရုတ်ပွ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး တို့ကိုအတူတူ ဆီပူထဲထည့်ပြီး ကြော်ပေးပါ။ ဖယ်ထားသော ကင်းမွန်များကိုလည်း ထည့်လိုက်ပါ။

၃။      ခရုဆီ၊ သကြား၊ ဆား၊ ကင်းမွန်ငံပြာရည်တို့ကို ထည့်ပါ။ ရေအနည်းငယ်လိုက်ပေးပြီး နောက်ဆုံးမှာ ခေါင်းစိမ်းငံပြာရည်ထည့် ကြက်သွန်မြိတ်များထည့်ပြီး အပေါ်မှ တရုတ်မဆလာ အနည်းငယ်ဖြူးပေးပြီးရင်တော့ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments