ကင်းမွန်ငါးအသားလုံးနှင့် ငါးအသားပြား ခေါက်ဆွဲပြုတ် (Fish Ball & Fish Cake Noodle Soup)

by Chef Sunny for Food Magazine

          ဒီလအတွက် နောက်ထပ်ဖော်ပြပေးလိုက်တဲ့ ဟင်းလျာလေးကတော့ စင်ကာပူ၊ မလေးရှားနိုင်ငံတို့မှာ လူကြိုက်များပြီး အရသာအလွန်ကောင်းတဲ့ ကင်းမွန်ငါးအသားလုံးနှင့် ငါးအသားပြား ခေါက်ဆွဲပြုတ်တစ်မျိုးပါပဲ။ ဟင်းရည်ကို ကြက်ပြုတ်ရည်နဲ့အတူ ငါးနီတူခြောက်လေးတွေပါ ထည့်ပြုတ်ထားတဲ့အရသာကလည်း တစ်မူထူးခြား ပါတယ်။ ကိုယ်တိုင်လည်း ပြင်ဆင်ချက်ပြုတ်ကြည့်စေချင်ပါတယ်။ ပြင်ဆင်ရတာလွယ်ကူပြီး အရသာလည်း အလွန်ထူးခြားပါတယ်။ ဖြည့်စွက်စာအနေနဲ့ ပဲပြား၊ မုန်ညင်းစိမ်းနဲ့ ဂျုံခေါက်ဆွဲလေးပါ ထည့်ထားတာမို့ အာဟာရလည်း ဖြစ်စေပါတယ်။ ကဲ… ပြင်ဆင်ရတာလွယ်ကူမြန်ဆန်ပြီး အာဟာရပြည့်စေတဲ့ ကင်းမွန်ငါးအသားလုံးနှင့် ငါးအသားပြား ခေါက်ဆွဲပြုတ်လေး ပြင်ဆင်ကြည့်ကြရအောင်… OK

ပါဝင်ပစ္စည်းများ

ကင်းမွန်ငါးအသားလုံး  –  ၅ လုံး

ကင်းမွန်ငါးအသားပြား  –  ၁  ပြား

ကြက်ပြုတ်ရည်  –  ၃၀ဝ  မီလီလီတာ

ငါးနီတူခြောက်  –  ၅၀  ဂရမ်

ငါးအရသာမှုန့်   –  ၁ ဇွန်း

ပဲငံပြာရည် (အငန်ရည်)  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ချင်း  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၃  မြွှာ

ပဲပြား  –  ၅  ခု

ပဲပင်ပေါက်  –  အနည်းငယ်

ကြက်သွန်မြိတ်  –  အနည်းငယ်

မုန်ညင်းစိမ်း  –  အနည်းငယ်

ဂျုံခေါက်ဆွဲ  –  ၁၀ဝ  ဂရမ်

ငရုတ်သီးစိမ်းနှင့် ပဲငံပြာရည်ဆော့စ်

ရှမ်းငရုတ်နီ  –  ၅  တောင့်

ကြက်သွန်ဖြူ  –  ၃ မြွှာ

ပဲငံပြာရည် (အငန်ရည်)  –  ၁ ဇွန်း

ငါးငံပြာရည်  –  အနည်းငယ်

သံပရာရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နံနံပင်  –  အနည်းငယ်

ရေနွေး  –  ၁ ဇွန်း

ပြုလုပ်နည်း

၁။       ကြက်ပြုတ်ရည်ကို ငါးနီတူခြောက်၊ ငါးအရသာမှုန့်၊ ချင်း၊ ကြက်သွန်ဖြူ အနည်းငယ်တို့ဖြင့် ကင်းမွန်ငါးအသားလုံးနှင့် ငါးအသားပြားခေါက်ဆွဲပြုတ် မချက်မီ ကြိုတင်ပြင်ဆင်ထားပါ။

၂။       ပဲပြားကို အနည်းငယ်ကြော်ထားပြီး ပဲပင်ပေါက်နှင့် ကင်းမွန်ငါးအသားလုံးကို သန့်စင်ထား၍ ငါးအသားပြားကို ပါးပါးလှီးထားပါ။

၃။       အသင့်ပြင်ဆင်ထားသော ကြက်ပြုတ်ရည်ကို ဆူပွက်အောင်တည်ပြီး ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အငန်ရည်တို့ဖြင့် ထိန်းညှိ၍ အသင့်ပြင်ဆင်ထားသော ငါးအသားလုံးနှင့် ငါးအသားပြား ထည့်ချက်ထားပါ။

၎။       ကြက်သွန်ဖြူနှင့် ရှမ်းငရုတ်နီကို ပါးပါးလှီးထားပြီး ပဲငံပြာရည်၊ ငါးငံပြာရည်၊ ရေနွေးအနည်းငယ်တို့ဖြင့် အရသာ ထိန်းညှိပြီး နံနံပင်အုပ်၍ သံပရာရည်အနည်းငယ် ညှစ်ပြီး ငရုတ်သီးစိမ်းနှင့် ပဲငံပြာရည်ဆော့စ်ကို ပြင်ဆင်ထားပါ။

၅။       ဂျုံခေါက်ဆွဲကို ၂ မိနစ်ခန့် အနည်းငယ်နူးအောင်ပြုတ်ပြီး ရေစစ်၍ ဟင်းချိုပန်းကန်ထဲ ထည့်ပါ။ မုန်ညင်းစိမ်း အနည်းငယ်အုပ်ပြီး အသင့်ပြင်ဆင်ထားသော ကင်းမွန် ငါးအသားလုံးနှင့် ငါးအသားပြား ဟင်းချိုရည်ကို လောင်းထည့်ထားပါ။

၆။       ကင်းမွန်ငါးအသားလုံးနှင့် ငါးအသားပြားခေါက်ဆွဲပြုတ်ကို ပဲပင်ပေါက်နှင့် အသင့်ကြော်ပြီး လှီးထားသော ပဲပြားတို့ အုပ်၍ အသင့်လှီးထားသော ကြက်သွန်မြိတ် အနည်းငယ်ဖြူးပြီး အသင့်ပြင်ဆင်ထားသော ငရုတ်သီးစိမ်းနှင့် ပဲငံပြာရည်ဆော့စ်ဖြင့် တွဲဖက်တည်ခင်းပါ။

Facebook Comments

Menu