ကကတစ်ခရုဆီနှင့် ပဲပြားသီးရွက်စုံကြော် (Seabass in Oyster Sauce & Saute Bean Curd with Mixed Vegetables)

By Presenter Chef Ko Sunny for Food Magazine

          ဒီလမှာ ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်တဲ့ ဟင်းလျာအတွဲလေးကတော့ “ကကတစ်ခရုဆီနှင့် ပဲပြားသီးရွက်စုံကြော်” လေးပါဗျာ။  ကကတစ်ငါးနဲ့ ပဲပြားသီးရွက်စုံကို တရုတ်အစားအစာ ပြင်ဆင်နည်းလေး အခြေခံပြီး လွယ်ကူမြန်ဆန်စွာ ပြင်ဆင်ထားပါတယ်။ ကကတစ်ငါးကို အသားလွှာပြီးမှ ချင်း၊ ကြက်သွန်ဖြူ၊ ခရုဆီတို့နဲ့ ပြင်ဆင်ထားတာဖြစ်လို့ အစာကြေလွယ်စေပြီး ထမင်းဖြူပူပူလေးနဲ့ တွဲဖက်သုံးဆောင်မယ်ဆိုရင်လည်း ထမင်းမြိန်စေမှာပါ။ ပဲပြားနဲ့ သီးရွက်စုံကြော်ကိုလည်း တစ်မူထူးခြားစွာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ပုံစံလေးနဲ့ ပြင်ဆင်ထားပါတယ်။ ကဲ…ရိုးရှင်းပြီး အရသာလည်းရှိ အာဟာရလည်း ဖြစ်စေမယ့် “ကကတစ်ခရုဆီနှင့် ပဲပြားသီးရွက်စုံကြော်” ဟင်းလျာအတွဲလေး ချက်ကြည့်ကြရအောင်။

ပဲပြားနှင့် သီးရွက်စုံကြော်

ပါဝင်ပစ္စည်းများ

ရွှေပဲသီး          –         ၅ ကျပ်သား

မုန်လာဥနီ       –         အနည်းငယ်

မုန်ညင်းဖြူ  –  ၅ ချောင်း

ပဲပြား  –  ၁ ခု

ရှီမေ့ဂျိမှု (အဖြူ)  –  အနည်းငယ်

ရှီမေ့ဂျိမှို (အညို)  –  အနည်းငယ်

ချင်း  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၃ မြွှာ

ခရုဆီ  –  အနည်းငယ်

ပဲငါးပိစေ့  –  ၂ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

သံလွင်ဆီ  –  ၁ ဇွန်း

နှမ်းဆီမွှေး  –  အနည်းငယ်

ကြက်သွန်မြိတ်/ရှမ်းငရုတ်နီ (အလှဆင်ရန်)

ကညွှတ်  –  အနည်းငယ်

ချက်ပြုတ်နည်းအဆင့်ဆင့်

၁။       ရွှေပဲသီးကို အညှြာွေခကာ မုန်လာဥနီ၊ မုန်ညင်းဖြူတို့ကိုလှီးပြီး ဆားရည်တွင် စိမ်ထားပါ။ ကညွတ်ကို လည်း လှီးပြီး စိမ်ထားပါ။

၂။       ပဲပြားကို အံစာတုံးပုံလှီးထားပြီး ရှီမေ့ဂျိမှို (အဖြူ၊ အညို) တို့ကိုလည်း အမြစ်ဖယ်၍ သန့်စင်ထားပါ။

၃။       ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ချင်းကို အမျှင်ပါးပါး လှီးထားပါ။

၎။       ဒယ်အိုးတွင် သံလွင်ဆီကို အပူပေးပြီး ချင်း၊ ကြက်သွန်ဖြူတို့ကို ဆီသတ်၍ အသင့်လှီးထားသော ပဲပြားကို ထည့်ကြော်ပါ။

၅။       ပဲပြားအနည်းငယ်ကျက်လျှင် သီးရွက်စုံများလည်း ကြော်ပါ။

၆။       အရသာကို ခရုဆီ၊ ပဲငါးပိစေ့၊ ငရုတ်ကောင်းမှုန့်တို့နှင့် ထိန်းညှိပြီး နှမ်းဆီမွှေးအုပ်၍ ကြက်သွန်မြိတ်နှင့် ရှမ်းငရုတ်နီတို့ဖြင့် အလှဆင်ပါ။

ကကတစ်ခရုဆီ

ပါဝင်ပစ္စည်းများ

ကကတစ်ငါး  –  ၁ ကောင်

ကြက်သွန်ဖြူ  –  ၆ မြွှာ

ချင်း  –  အနည်းငယ်

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

သံပရာသီး  –  တစ်ခြမ်း

ရှမ်းငရုတ်နီ  –  ၁ တောင့်

ကြက်သွန်မြိတ်  –  အနည်းငယ်

ဆလရီရိုး  –  ၁ ချောင်း

ကြက်သွန်ဝါ (ဥကြီး)  –  အနည်းငယ်

သံလွင်ဆီ  –  ၁ ဇွန်း

ဆန်အရက်  –  အနည်းငယ်

နှမ်း (ဖြူ၊ မည်း)  –  အနည်းငယ်

နှမ်းဆီမွှေး  –  အနည်းငယ်

ချက်ပြုတ်နည်းအဆင့်ဆင့်

၁။       ကကတစ်ငါးကို အသားလွှာပြီး ငါးခေါင်းနှင့် ငါးရိုးတို့ကို ကြက်သွန်ဖြူ၊ ချင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ငါးပြုတ်ရည်ပြုတ်ထားပါ။

၂။       အသားလွှာထားသော ကကတစ်ငါးကို သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့နှင့် အရသာသွင်းထားပါ။

၃။       ရှမ်းငရုတ်နီကို အမျှင်ပါးပါးလှီးပြီး ရေခဲရည်တွင် စိမ်ထားပါ။ ကြက်သွန်မြိတ်အရင်းပိုင်းလေးများကို လည်း ဓားရာပေးပြီး ရေခဲရေတွင် စိမ်ထားပါ။

၎။       ဆလရီရိုးနှင့် ကြက်သွန်ဝါဥကြီးကိုလည်း အံစာတုံးပုံ လှီးထားပါ။

၅။       ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ချင်းအနည်းငယ်ကို အမျှင်ပါးပါးလှီးထားပါ။

၆။       ဒယ်အိုးတွင် သံလွင်ဆီကို အပူပေးပြီး အရသာသွင်းထားသော ကကတစ်ငါး အသားလွှာကို ထည့် ကြော်ပါ။

၇။       ကကတစ်ငါးအရောင်ရလျှင် ချင်း၊ ကြက်သွန်ဝါဥကြီး၊ ကြက်သွန်ဖြူ၊ ဆလရီရိုးတို့ ထည့်ချက်ပြီး ဆန်အရက် အနည်းငယ်နှင့် နူးအောင်ချက်ပါ။

၈။       ကကတစ်ငါးအသားလွှာကျက်လျှင် လှီးထားသော ကြက်သွန်မြိတ်နှင့် နှမ်းဆီမွှေး အနည်းငယ်အုပ်၍ ကြက်သွန်မြိတ်၊ ရှမ်းငရုတ်နီ၊ နှမ်း (ဖြူ၊ မည်း) တို့ဖြင့် အလှဆင်တည်ခင်းပါ။

www.facebook.com/Sunny Angelo

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments