Tiramisu Cake

by Chef Saw Sar Mu Lar for Food Magazine

          Tiramisu က နိုင်ငံတကာမှာ လူကြိုက်အများဆုံး အီတလီအစားအစာ အချိုပွဲဖြစ်ပါတယ်။ နိုင်ငံတကာ Hotel, Gruise Line, Coffee Shop တွေတိုင်းမှာ မဖြစ်မနေ ပါဝင်တဲ့ မုန့်အချိုပွဲတစ်ခုပါပဲ။ ကော်ဖီအရသာပါတဲ့ မုန့်အချိုပွဲ အအေးစာဖြစ်ပါတယ်။ Lady Finger ဘီစကွတ်တွေကို ကော်ဖီ Expresso သကြားရည်၊ ဝိုင် (သို့) အရက်တစ်မျိုးမျိုးနဲ့ ရောထားတဲ့ ရေထဲစိမ်ပြီး Tiramisu Cream တစ်ထပ်၊ Lady Finger ဘီစကွတ်တစ်ထပ် အလွှာလေးတွေလိုလုပ်ပြီး အပေါ်မှာ Coco Powder (သို့) Chocolate ကို ခြစ်ပြီး ဖြူးလို့ရပါတယ်။ Lady Finger မသုံးနိုင်ရင် Coffee Sponge ကိတ်သားလည်း သုံးလို့ရပါတယ်။ Tiramisu Cream ကို ကြက်ဥအနှစ် Mascarpone Cheese, Heavy Cream, Marsala Wine, သကြားနဲ့လုပ်ပါတယ်။ Marsala Wine မရှိရင် အခြား Rum, Brandy, Amaretto Liqueur, Coffee Liqueur တွေ ထည့်လို့ရပါတယ်။ ကြက်ဥမကြိုက်တဲ့သူတွေအတွက် ကြက်ဥမထည့်လည်း ရပါတယ်။ ကြက်ဥအနှစ် ထည့်ခြင်းအားဖြင့် Cream သားကို ပိုပြီးခဲစေပါတယ်။ အရသာလည်း ပိုကောင်းပါတယ်။ တချို့က Gelatin အနည်းငယ်ထည့်ပြီး ခဲစေပါတယ်။ Tiramisu ကို အချို့က ဖန်ခွက်တွေထဲထည့်လုပ်တယ်။ တချို့က ဗန်းတွေထဲ ထည့်လုပ်ကြပါတယ်။ Deep Freezer ထဲမှာ ထည့်သိမ်းရမှာဖြစ်ပါတယ်။ ဖြတ်ခါနီး (သို့) စားခါနီး နာရီဝက်အလိုမှာ ထုတ်ပြီး အေးအေးလေး ဖြတ်စားလို့ရပါတယ်။ စားလိုက်ရင် အေးဆိမ့်ပြီး ကော်ဖီအရသာ၊ Chocolate ခါးတဲ့အရသာ၊ Lady Finger ဘီစကွတ် ကြွပ်ကြွပ်အရသာအားလုံးကို ပါးစပ်ထဲမှာ နူးညံ့စွာနဲ့ ပျော်ဆင်းပြီး အရသာရှိစွာနဲ့ စားပြီးရင်း စားချင်နေမှာပါ။

Lady Finger အတွက် ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၉၀ ဂရမ် (၁ လုံးခွဲ)

သကြား  –  ၆၅ ဂရမ်

ကိတ်ဂျုံ  –  ၆၀ ဂရမ်

ပြောင်းဖူးမှုန့်  –  ၁၀ ဂရမ်

ဆား  –  အနည်းငယ်

ဗနီလာအနံ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်ဥ၊ သကြား၊ ဗနီလာအနံ့တို့ကို ရောပြီးရိုက်ပါ။ ကြက်ဥအရောင် ဖြူပြီး ပွလာသည်အထိ ညောင်စေး ပေါက်၍ ကြွက်မြီးတန်းအောင် မွှေတံနှင့် ရိုက်ပါ။

၂။       ကိတ်ဂျုံ၊ ပြောင်းဖူးမှုန့်ကို ဆန်ခါချထားပြီး ဆားနှင့် ဖြည်းဖြည်းချင်း လက်ဖြင့်မွှေပါ။

၃။       မုန့်သားကို Piping Bag ထဲထည့်ပြီး Piping Bag ထိပ်ကို ကတ်ကြေးဖြင့် ဖြတ်ကာ မုန့်ဖုတ်ဗန်းထဲ ၃ လက်မအရှည် လက်ချောင်းကလေးတွေလို Piping Bag ဖြင့် ဆွဲပါ။

၎။       မီးအပူချိန် အပေါ်အောက်၊ 180˚C ကြိုဖွင့်ထားပြီး ၁၀ မိနစ်ခန့် ဖုတ်ပါ။ ပြီးလျှင် အနည်းငယ်ခြောက် အောင် မီးအပူချိန် အပေါ်အောက် ၁၅၀ နှင့် ၅ မိနစ်ခန့် ထပ်မံ ဖုတ်ပါ။ အနည်းငယ်ြွကပ်လျှင် ရပါပြီ။ ပြီးလျှင် မီးဖိုထဲမှ ထုတ်၍ အအေးခံပါ။

Tiramisu ပါဝင်ပစ္စည်းများ

ကြက်ဥအနှစ်  –  ၂ လုံး

သကြား –  ၅၀ ဂရမ်

Mascarpone Cheese  –  ၂၅၀ ဂရမ်

Heavy Cream  –  ၁၂၀ ဂရမ်

Marsala Wine (သို့) Rum  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်ဥအနှစ်နှင့် သကြားတို့ကို ဖြူပြီးပွလာအောင် မွှေတံနှင့် မွှေပေးပါ။

၂။       Mascarpone Cheese ကို ရော၍ ၁ မိနစ်ခန့် မွှေပါ။

၃။       Heavy Cream ကို အနည်းငယ်ပျစ်လာအောင် မွှေတံနှင့်မွှေပါ။

၎။       အမှတ်စဉ် ၂ နှင့် ၃ ကို ဖြည်းဖြည်းချင်းရောမွှေပါ။ Marsala Wine (သို့) Rum ကို ရောမွှေပါ။ လိုအပ်သည်ထက် ပိုမမွှေရ။ မွှေမိလျှင် အရည် မပျစ်မခဲဘဲ ကျဲသွားနိုင်ပါတယ်။ Deep Freezer ထဲသို့ မိနစ် ၂၀ ခန့် ထည့်သိမ်းထားပါ။၏

Coffee Syrup ပါဝင်ပစ္စည်းများ

Espresso  –  ၂၅၀ ဂရမ်

Coffee Liqueur  –  စားပွဲဇွန်း ၃ ဇွန်း

Marsala Wine (သို့) Rum  –  စားပွဲဇွန်း ၂ ဇွန်း

သကြားအမှုန့် (သို့) သကြား  –  ၅၀ ဂရမ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပါဝင်ပစ္စည်းများအားလုံး ရောမွှေပါ။

၂။       ၆ လက်မ လေးထောင့်ကိတ်ကွင်းထဲသို့ အောက်မှ ဆီစိမ်စက္ကူခံထားပြီး အအေးခံထားသော Lady Finger များကို Coffee Syrup စိမ်ကာ ကိတ်ကွင်းထဲသို့ စီထည့်ပါ။ Lady Finger များကို Coffee Syrup ထဲသို့ အကြာကြီး မစိမ်ရ။ ချက်ချင်းစိမ်ပြီး ချက်ချင်း ပြန်ဆွဲတင်ရပါမည်။)

၃။       ပြီးလျှင် Deep Freezer ထဲ မိနစ် ၂၀ သိမ်းထားသော Tiramisu Cream ကို စီထည့်ထားသော Lady Finger များပေါ်သို့ ဖုံးအောင် တစ်ထပ်သုတ်လိမ်းပါ။ ပြီးလျှင် Lady Finger များကို Coffee Syrup စိမ်ပြီး ပထမ Lady Finger ကို အတည့်ထည့်စီလျှင် ဒုတိယအထပ်ကို ကန့်လန့်ဖြန့်စီပါ။ ထိုသို့ ၃ ထပ် (သို့) ၄ ထပ်စီပါ။ ပြီးလျှင် Deep Freezer ထဲသို့ ၅ နာရီခန့် ခဲလာသည်အထိ သိမ်းထားပါ။ အမြန်ခဲစေချင်လျှင် Geletin ၂ (သို့) ၃ ဂရမ် ထည့်လို့ရပါတယ်။ Tiramisu ခဲလာလျှင် ကိတ်ကွင်းထဲမှ ဆွဲထုတ်ပြီး အပေါ်မှ Coco Powder (သို့) Chocolate ခြစ်၍ ဖြူးပြီး အရသာရှိစွာ စားသုံးနိုင်ပါပြီ။

Facebook Comments