Pita Bread

Pita Bread

          Pita Bread အတွက် ဂျုံကို Wheat Flour, Regular Flour တစ်ဝက်စီ ထည့်လို့ လည်းရပါတယ်။ သံလွင်ဆီ မသုံးနိုင်ရင် ဟင်းသီးဟင်းရွက်ဆီသုံးလို့ ရပါတယ်။ ပေါင်မုန့်လုံးလေးတွေလုံးပြီး Rolling Pin နဲ့ လှိမ့်ပြားတဲ့အခါ အထူအပါးညီဖို့၊ လှိမ့်တဲ့အချိန်မှာ ဂျုံသားက စားပွဲမှာကပ်ပြီး အကွဲရာ၊ အဆက်ရာတွေမရှိဖို့ အထူးသတိပြုလှိမ့်ပေးပါ။ အဲဒါမျိုးတွေဖြစ်ရင် Pita Bread က အထဲမှာ အိတ်လိုပွင့်မထွက်ဘဲ အချို့ကလည်း တစ်ဝက်ပွင့်၊ ကျန်တစ်ဝက်မပွင့်ဖြစ်ပြီး အထဲအစာထည့်ဖို့ ခက်ခဲနေမှာပါ။ ဂျုံသားကို အချပ်အကျယ်ကြီးပြားပြီး လိုချင်တဲ့အရွယ်အစား Cutter နဲ့ ဖြတ်လည်းရပါတယ်။

►   ပါဝင်ပစ္စည်းများ

♦   ပေါင်မုန့်ဂျုံ   –   ၂၅၀ ဂရမ်

♦   Yeast   –   ၅ ဂရမ်

♦   သံလွင်ဆီ   –   ၃၀ ဂရမ်

♦   ဆား   –   ၅ ဂရမ်

♦   ရေ   –   ၁၅၀ ဂရမ်

►   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ရေ၊ Yeast, ပေါင်မုန့်ဂျုံကို မွှေစက်ထဲထည့်၊ Speed ဖြည်းဖြည်းချင်း ထည့်မွှေပါ။ သံလွင်ဆီ၊ ဆားရောပြီး Medium Speed ဖြင့် ဆက်မွှေပါ။ ၈ မိနစ်ခန့်ကြာလျှင် ပေါင်မုန့်သားကို အနည်းငယ်ယူကာ ဖြည်းဖြည်းချင်း ဖိပြီးဆွဲချဲ့ ကြည့်ပါ။ ဂျုံသား မပြတ်ထွက်ဘဲ ကျယ်လာလျှင် ရပါပြီ။ ပြတ်ထွက်လျှင် အနည်းငယ် ထပ်မံနယ်ပေး ပါ။

၂။      နယ်ပြီးသော ဂျုံသားများကို လုံးပြီး နာရီဝက် (သို့) နဂိုဂျုံလုံးထက် တစ်ဆကြီးလာသည်အထိ အနားပေးပါ။ မီးဖိုအပူချိန် ၂၅၀ံC တင်ထားပါ။

၃။      ဂျုံသား ၆၀ ဂရမ်ချိန်ပြီး အလုံးလေးများ လုံးထားပါ။ ၁၀ မိနစ်ခန့် အနားပေးပါ။

၎။      ဂျုံအနည်းငယ် စားပွဲပေါ် ဖြူးပြီး လုံး၍ အနားပေးထားသော ဂျုံလုံးလေးများကို Rolling Pin နှင့် ၄ လက်မကျယ်အထိ လှိမ့်ပြားပါ။ အားလုံးလှိမ့် ပြားပြီးလျှင် မိနစ် ၂၀  ခန့် အနားပေးပြီး  အသင့်မီးအပူချိန် ၂၅၀ံC မီးဖိုထဲသို့ ၅ မိနစ်ခန့် ဖုတ်ပါ။ ၃ မိနစ်အတွင်းမှာ ပေါင်မုန့်သားလေးများ ဖောင်းပြီး အတွင်းမှာ လေမှုတ်သွင်းသကဲ့သို့ ပွင့်ထွက်လာပါမယ်။ အရောင်လိုချင်ရင်တော့ နောက် ၂ မိနစ်ခန့် တိုးဖုတ်လို့ ရပါတယ်။ အပြင်မှာ အအေးခံပြီး မိမိနှစ်သက်ရာ အသီးအရွက်၊ အသား၊ ငါးများကို ပေါင်မုန့်ထက်ခြမ်းဖြတ်လိုက်လျှင် အိတ်ကလေးလိုဖြစ်နေတဲ့ Pita Bread ထဲထည့်ပြီး အရသာရှိစွာ စားသုံးနိုင်ပါပြီ။

♦   စားဖိုမှူး စောဆာမူလား   ♦
Lotus School of  Hospitality

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments