Panetone

by  Chef Saw Sar Mu Lar for Food Magazine

          အီတလီက စတင်တီထွင်တဲ့ မုန့်ဖြစ်ပါတယ်။ အဓိကကတော့ အသီးခြောက်တွေ ပေါင်မုန့် သားထဲမှာ ပါပါတယ်။ အများအားဖြင့် 4”, 5” ပတ်လည်အဝိုင်းနဲ့ အရှည် 6”-7” ကျော် စလင်ဒါလို အလုံးမျိုးတွေ လုပ်ပါတယ်။ အခု ကျွန်တော်ကတော့ ၂၅ ဂရမ် အလုံးလေးတွေနဲ့ Small Panetone လေးတွေကို ပြုလုပ်တင်ပြထားပါတယ်။ နူးညံ့ပြီး အရမ်းအရသာရှိတဲ့ ပေါင်မုန့်လေးပါ။ ရေနေရာမှာ နွားနို့အစားထိုးထည့်လို့လည်း ရပါတယ်။ အလုံးသေးသေး မလုပ်ချင်ရင် မိုခွက်ကြီး (သို့) သံဘူးကို အပေါ်အောက် ဖောက်ပြီး သုံးလို့လည်း ရပါတယ်။

ပါဝင်ပစ္စည်းများ

Sponge Dough (အချဉ်ဖောက်မုန့်သား)

ရေ  –  ၁ဝဝ ဂရမ်

ပေါင်မုန့်ဂျုံ  –  ၁ဝဝ ဂရမ်

ပွဆေး  –  ၅ ဂရမ်

ပြုလုပ်နည်း

          ရေ၊ ပေါင်မုန့်ဂျုံ၊ ပွဆေးအားလုံးကို ဇလုံထဲထည့် ပြီး ရောမွှေပါ။ အပြင်မှ အခန်းအပူချိန်နှင့် ၄ နာရီခန့် အနည်းဆုံးထားပြီး အချဉ်ဖောက်ထားပါ။ မုန့်သား မခြောက်သွားအောင် အပေါ်မှ ပလတ်စတစ် (သို့) အဖုံးတစ်ခုခုဖုံးထားပါ။

Panetone ပေါင်မုန့်သားအတွက် ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၂၅ဝ ဂရမ်

ရေ  –  ၉ဝ ဂရမ်

Yeast (ပွဆေး)  –     ၇ ဂရမ်

သကြား  –  ၆ဝ ဂရမ်

Improver  –  လက်ဖက်ရည်ဇွန်းတစ်ဝက်

ကြက်ဥ  –  ၂ လုံး + အနှစ် ၂ လုံး

ထောပတ်  –  ၆ဝ ဂရမ်

ဆား  –  ၁ဝ ဂရမ်

စပျစ်သီးခြောက်  –  ၁ဝဝ ဂရမ်

သင်္ဘောသီးခြောက်  –  ၁ဝဝ ဂရမ်

ဗနီလာအနံ့  –  လက်ဖက်ရည်ဇွန်း တစ်ဇွန်း

လီမွန်/လိမ္မော်သီးအနံ့  –  လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြလုပ်နည်းအဆင့်ဆင့်

၁။       ဆား၊ စပျစ်သီးခြောက်၊ သင်္ဘောသီးခြောက်မှလွဲ၍ ကျန်ပါဝင်ပစ္စည်းအားလုံးကို အချဉ်ဖောက် ထားသော မုန့်သားနှင့်ရောမွှေပါ။ စက်ဖြင့်မွှေလျှင် Slow Speed နှင့် မွှေပါ။ ၁ မိနစ်ခန့်ကြာလျှင် ဆားထည့်ပြီး Medium Speed နှင့် မွှေပါ။

၂။       ၆-၇ မိနစ်ခန့်နယ်ပြီး ဂျုံသားကိုယူကာ ဆွဲကြည့်ပါ။ ဂျုံသားကို လက်ချောင်းလေးများနှင့် ဖြည်း ဖြည်းချင်း ကျယ်၍ပါးသွားသည်အထိ ဖိဆွဲကြည့်ပါ။ ပလတ်စတစ်၊ ရော်ဘာကဲ့သို့ ဂျုံသားမပြဲ၊ မပြတ်ထွက်တော့ဘူးဆိုလျှင်ရပါပြီ။ ပြဲထွက်၊ ပြတ်ထွက်လျှင် အချိန်အနည်းငယ် ထပ်မံမွှေပေးပါ။

၃။       ဂျုံသားနယ်၍ ရပြီဆိုလျှင် စပျစ်သီးခြောက်၊ သင်္ဘောသီးခြောက်ရောထည့်ပြီး ၂ မိနစ်ခန့် (သို့) ဂျုံသားထဲ အသီးခြောက်များ နှံ့သည်အထိ မွှေပါ။ ဂျုံကို လုံးထားပြီး နာရီဝက်ခန့် အပွခံပါ။ နဂို ဂျုံလုံးထက် တစ်ဆနီးပါးကြီးလာလျှင် ဂျုံသားကို လက်နှင့်ဖိရိုက်ပြီး လေထုတ်ကာ ပြန်လုံးပြီး နောက်ထပ် နာရီဝက်ခန့် အပွခံပါ။

၎။       ၂၅ ဂရမ် အလုံးလေးများ ဖြတ်လုံးပြီး မိုခွက်လေးများထဲထည့်ကာ အပွခံပါ။ ခွက်ကလေးများမှာ non stick ပါလျှင် ဆီသုတ်စရာ မလိုပါ။ non stick မပါလျှင် ထောပတ်ဆီသုတ်ပေးပါ။

၅။       ၁ နာရီခန့် (သို့) နဂိုဂျုံလုံးထက် တစ်ဆနီးပါးပွလာလျှင် ဖုတ်လို့ရပါပြီ။ မီးအပူချိန် အပေါ်အောက် 200˚C နှင့် ၅ မိနစ်ခန့် ဖုတ်ပါ။ ၅ မိနစ်မှာ ပေါင်မုန့်အပေါ်သို့ ထောပတ်ဆီသုတ်ပြီး နောက်ထပ် ၄ မိနစ် (သို့) ရွှေဝါရောင်သန်းလာသည်အထိ ဖုတ်ပါ။ မိုခွက်ထဲမှ ဆွဲထုတ်ပြီး အအေးခံကာ အရသာရှိစွာ စားသုံးနိုင်ပါပြီ။

Facebook Comments