Mocha Chocolate Truffle

by စားဖိုမှူး စောဆာမူလား for Food Magazine

ပြုလုပ်ချိန် ၄၅ မိနစ်၊ အရေအတွက် ၁၅ ခု

          အပြင်အခွံကို ချောကလက်အနက်/အဖြူ ကြိုက်နှစ်သက်သလို လုပ်လို့ရပါတယ်။ အထဲထည့်တဲ့ ကော်ဖီ Cream ထဲကို နှစ်သက်တယ်ဆိုရင် Rum (သို့) Kirsch Liqueur တို့ကို ထည့်ပေးခြင်းအားဖြင့် ထူးခြားပြီးတော့ လေးနက်လိုက်ဖက်တဲ့ ချောကလက်အရသာလေးကို ခံစားရမှာပါ။

          ချောကလက်အရည်ဖျော်တဲ့အခါ သတိထားရမယ့်အချက်ကတော့-

*        ချောကလက်ထဲကို ရေထိလို့ မရပါဘူး။ ချောကလက်ဖျော်တဲ့ခွက် သန့်ရှင်းဖို့ လိုပါတယ်။ ရေထိရင် ချောကလက်က ပြန်မခဲတော့ပါဘူး။

*        ချောကလက်ဖျော်တဲ့အချိန်မှာ ကြက်ဥခေါက်တံနဲ့ မမွှေရပါဘူး။ ဇွန်းနဲ့ပဲ မွှေပေးပါ။ ကြက်ဥခေါက်တံနဲ့မွှေရင် အဆီထွက်ပြီး ကွဲတတ်ပါတယ်။

*        ချောကလက်ဖျော်တဲ့အခါ လိုအပ်တဲ့ အပူချိန်ထက် ပိုပြီး မပေးပါနဲ့။ အရမ်းပူရင် ချောကလက်ကို အနည်းငယ်အေးအောင် ပြန်စောင့်ပေးဖို့ လိုပါတယ်။ ချောကလက် အရည်ပျော်တဲ့အချိန်မှာ အပူချိန်ဟာ 50-55˚C ရှိနေရပါမယ်။ အနည်းဆုံး 31-32˚C ရောက်တဲ့အထိ အေးအောင်လုပ်ပြီးမှ အသုံးပြုသင့်ပါတယ်။ အရမ်း ပူတာကို သုံးမိရင် ချောကလက်က မှိန်ပြီး အရောင်ပြောင်းသွားတတ်ပါတယ်။

ပါဝင်ပစ္စည်းများ

သကြား  –  ၃၅ ဂရမ်

Heavy Cream  –  ၃၀ ဂရမ်

Nescafe  –  ၅ ဂရမ်

ထောပတ်  –  ၂၅ ဂရမ်

သကြားအမှုန့်  –  ၁၅ ဂရမ်

ချောကလက်အနက်  –  ၂၅၀ ဂရမ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ချောကလက်အနက်ကို အပူနှစ်ထပ်စနစ် (Double Boiler) ဖြင့် အရည်ဖျော်ပြီး စီလီကွန် ချောကလက်မိုခွက်ထဲ တစ်ခွက်ချင်းထည့်ပါ။ အနည်းငယ်အေးပြီး ချောကလက် ပြည့်လာလျှင် ချောကလက်ခွက်ထဲသို့ ချောကလက်အရည်ကို သွန်ပစ်ပါ။ ရေခဲသေတ္တာထဲ ၅ မိနစ်ခန့်ထည့်ပြီး မိုခွက်အတွင်းနံရံအောက် ချောကလက်ခဲ၍ မာသွားလျှင် ဒုတိယအကြိမ် ချောကလက်အရည် ထပ်မံလောင်းထည့်ကာ အနည်းငယ် ချောကလက်အေးပြီး ပြည့်လာလျှင် ချောကလက်အရည်ကို ချောကလက်ခွက်ထဲ ပြန်သွန်ပစ်ပါ။ ပြီးလျှင် မိုအတွင်းမှ ချောကလက်ခွက်ကလေးများ ခဲ၍မာလာသည်အထိ သိမ်းထားပါ။

၂။       သကြား၊ Heavy Cream, Nescafe နွေးနွေးကျိုပါ။

၃။       ထောပတ်၊ သကြားအမှုန့်တို့ကို ထောပတ်ဖြူအောင် ကြက်ဥခေါက်ဖြင့် ရိုက်ပါ။

၎။       ထောပတ်ဖြူလာလျှင် အမှတ်စဉ် (၂) နှင့် ရောပါ။ Pipping bag ထဲသို့ ရလာသော Cream ကိုထည့်ပါ။ Piping bag ထိပ်ကို အပေါက်အနည်းငယ် ကတ်ကြေးဖြင့် ဖြတ်ဖောက်ပြီး အသင့်ခဲနေသော ချောကလက်မိုခွက်ထဲ အပြည့်လိုက်ဖြည့်ပါ။

၅။       ချောကလက်အနက်ကို အပူနှစ်ထပ်စနစ် (Double Boiler) ဖြင့် ပြန်အရည်ဖျော်၊ Piping bag ထဲ ချောကလက်အရည်ထည့်၊ Piping bag ထိပ်ကို ကတ်ကြေးဖြင့် ဖြတ်ဖောက်ကာ Cream အပြည့်ဖြည့်ပြီးသော ချောကလက် မိုခွက်ပေါ်သို့ ချောကလက်အရည်ဖြင့် အားလုံးလုံအောင် လိုက်ပိတ်ပါ။ ပြီးလျှင် ရေခဲသေတ္တာထဲ ၁၀ မိနစ်ခန့်ထား ချောကလက် ခဲသွားလျှင် စီလီကွန်မိုခွက်ထဲမှ Mocha Chocolate Truffle လေးများကို ဆွဲထုတ်ပြီး အရသာရှိစွာ စားသုံးနိုင်ပါပြီ။ Mocha Chocolate Truffle ကို အခန်းအပူချိန် (Room Temperature) မှာထားလျှင် အတွင်း Cream က အရည်ပြည့်ပြည့်ဖြစ်နေပြီး ချောကလက်ကို စားလိုက်လျှင် အရသာရှိသော Cream အရည်များ ပါးစပ်ထဲစီးကျလာခြင်းသည် ထူးခြားသော ခံစားချက်အရသာ တစ်ခုပါလို့ ပရိသတ်များကို ကြုံတွေ့စမ်းသပ်စေချင်ပါတယ်။

Facebook Comments