Hot Souffle

by Chef Saw Sar Mu Lar for Food Magazine

          Hot Souffle ကို အရသာအမျိုးမျိုးထည့်ပြီး လုပ်လို့ရပါတယ်။ အခု ဗနီလာအနံ့ ထည့်ထားလို့ ဗနီလာအရသာ၊ အခြားအနံ့အရသာ၊ ဝိုင်အရက် အမျိုးမျိုးထည့်ပြီး လုပ်စားလို့ရပါတယ်။ အများအားဖြင့် ဗနီလာရေခဲမုန့်နဲ့ ဗနီလာ Sauce လောင်းပြီး ပူပူစားရတဲ့ မုန့်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

နွားနို့  –  ၁၂၅ ဂရမ်

သကြား  –  ၄၀ ဂရမ်

ကိတ်ဂျုံ  –  ၄၀ ဂရမ်

ထောပတ်  –  ၃၅ ဂရမ်

ကြက်ဥအနှစ်  –  ၃ လုံး

ကြက်ဥအကာ  –  ၄ လုံး

သကြား  –  ၁၅ ဂရမ်

ပြောင်းဖူးမှုန့်  –  ၅ ဂရမ်

ဗနီလာအနံ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       သကြား၊ ဂျုံ၊ ထောပတ်ကို စက်ဖြင့် Medium Speed ထားပြီး ၂ မိနစ်ခန့် မွှေပါ။ နွားနို့ကို ပွက်ပွက်ဆူအောင် ကျိုထားပြီး ပွက်ပွက်ဆူလျှင် ပထမမွှေထားသော ဂျုံလုံးကို ရော၍ ပျစ်ခဲလာသည်အထိ မွှေပါ။ မီးဖိုပေါ်မှချပြီး အအေးခံကာ မွှေစက်ထဲ ပြန်ထည့်ပြီး Medium Speed ဖြင့် မွှေပါ။ ကြက်ဥအနှစ်ကို တစ်လုံးချင်း ဖြည်းဖြည်း ရော၍ ချောမွတ်လာသည်အထိ မွှေပါ။ Souffle Mixture ကို ပလတ်စတစ်ဖုံးပြီး သိမ်းထားပါ။

၂။       Souffle ခွက် (သို့) ကြွေခွက်အတွင်းကို ထောပတ်သုတ်ပြီး သကြားနှင့် ခွက်အတွင်း အောက်ခြေနံရံသုတ်ထားသော ထောပတ်နှင့် သကြားကပ်နေအောင် ဖြူးပေးပါ။

၃။       မီးအပူချိန် 180˚C တင်ထားပါ။ ကြက်ဥအကာကို မွှေစက်ထဲ ထည့်ပြီး High Speed ရိုက်ပါ။ ကြက်ဥအကာ အမြှုပ်ထပြီး ဖြူပွလာလျှင် သကြားကို ဖြည်းဖြည်းချင်းထည့်ပါ။  ညောင်စေးကျပြီး ကြွက်မြီးတန်းသည်အထိ မွှေပေးပါ။ ကြက်ဥ Cream (meringue) ကို ပထမလုပ်ပြီးသော Souffle Mixture က ပြောင်းဖူးမှုန့်၊ ဗနီလာအနံ့ကို ဖြည်းဖြည်းချင်း ရောမွှေ၍ အသင့် ထောပတ်သုတ် သကြားကပ်ထားသော Souffle ခွက် (သို့) ကြွေခွက်ထဲသို့ အပြည့်နီးပါးဖြည့်ပါ။ အပူချိန်အသင့်ဖြစ်နေသော မီးဖိုထဲသို့ မိနစ် ၃၀  ခန့် ရေအောက်ခံပြီး ဖုတ်ပါ။ မီးဖိုထဲကထုတ်သည်နှင့် လိုအပ်လျှင် အပေါ်မှ သကြားမှုန့်ဖြူးပြီး ချက်ချင်း ပူပူစားဖို့ ဖြစ်ပါတယ်။ အပြင်ကိုရောက် ပြီး ၅ မိနစ် အတွင်းမှာ Souffle က အထဲကို ပြန်ချိုင့် ဆင်းသွားတတ်လို့ မချိုင့်ဆင်းခင် စားလို့ရအောင် ချက်ချင်း ပူပူကျွေးရပါတယ်။

Facebook Comments