Honey Oat Bread

by Chef Saw Sar Mu Lar for Food Magazine

ပြုလုပ်ချိန် ၂:၃၀ နာရီ၊ အရေအတွက် ၂ ခု

          နွားနို့နေရာမှာ ရေသုံးလို့ရတယ်။ ထောပတ်နေရာမှာ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ ထည့်လို့ ရပါတယ်။ ပေါင်မုန့်ကိုတော့ လိုအပ်တဲ့အလေးချိန်လေးတွေကို ကြိုက်နှစ်သက်သလို ဖြတ်ပြီး အလုံးလေးတွေ လုံးလည်း ရပါတယ်။

ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၂၅၀ ဂရမ်

Oat  –  ၁၀ဝ ဂရမ်

Yeast (ပွဆေး)  –  ၁၀ ဂရမ်

Bread Improver  –  ၅ ဂရမ်

ကြက်ဥ  –  ၁ လုံး

ဆား  –  ၅ ဂရမ်

နွားနို့  –  ၁၀ဝ ဂရမ်

ထောပတ်  –  ၃၀ ဂရမ်

ပျားရည်  –  ၅၀ ဂရမ်

ပြုလုပ်နည်း

၁။       Oat နှင့် ဆားမှလွဲ၍ ကျန်ပစ္စည်းအားလုံးရောပြီး Slow Speed ဖြင့် ၁ မိနစ်ခန့် မွှေပါ။ ပြီးလျှင် ဆားထည့်ပြီး Medium Speed ဖြင့် ဆက်၍မွှေပါ။ မွှေပြီး ၅ မိနစ်ခန့်မှာ Oat ကို ထည့်ပြီး ဆက်၍မွှေပါ။

*  (Oat ကို တစ်ခါတည်း ရောမွှေလည်း ရပါတယ်။ နောက်မှ ထည့်မွှေလျှင် Oat အဖတ်လေးတွေကို ပိုမြင်ရပါတယ်။)

          Oat ထည့်ပြီး ၂ မိနစ်ခန့်အကြာမှာ မုန့်သားကို နယ်ပြီး တော်မတော် စစ်ဆေးကြည့်ပါ။ ဂျုံသားထဲ Oat ပါဝင်မှုကြောင့် မုန့်သားအနည်းငယ်ကို ယူပြီး လက်နဲ့ဖိဆွဲကြည့်လျှင် ကျယ်လာ၍ နည်းနည်းပြတ်ထွက်၊ ပြဲထွက်လျှင် မုန့်သားနယ်တာ ရပ်လို့ရပါပြီ။

၂။       ဂျုံသားကို လုံးထားပြီး အပေါ်ကနေ ပလတ်စတစ်နဲ့အုပ်၍ မိနစ် ၃၀ ခန့် အပွခံ အနားပေးထားပါ။ မိနစ်၃၀ ခန့် ကြာလျှင် အနည်းငယ် နဂိုထက်ကြီးလာသော ဂျုံလုံးကို အပေါ်မှဖိပြီး လေထုတ်ကာ ဖြန့်ခေါက်ပြီး လုံးထားပါ။ မိနစ် ၃၀ ခန့်ကြာလျှင် ဂျုံသားကို နှစ်ပိုင်း ပိုင်းပြီး တစ်ပိုင်းကို လေထုတ်၍ ရိုက်ပြားကာ လက်ဖြင့်ပျစ်လာအောင် လှိမ့်ပြီး မုန့်ဖုတ်ဗန်းထဲ ထည့်ပါ။ နောက်တစ်လုံးကို Cake Mould ခွက်ထဲ ထောပတ် (သို့) ဆီသုတ်ပြီး ထည့်ပါ။

၃။       မိနစ် ၃၀ ခန့် အပွခံပြီး ပျားရည်ကို ပေါင်မုန့်အပေါ် စုတ်တံဖြင့် သုတ်၍ Oat ကို အပြည့်ဖုံးပါ။ နောက်ထပ် မိနစ် ၂၀ ခန့် အပွခံပြီး မီးအပူချိန် အပေါ်အောက် 220˚C ဖြင့် ၂၅ မိနစ်ခန့် ဖုတ်ပါ။ Honey Oat ပေါင်မုန့်ကို Mould ခွက်ထဲက ထုတ်ပြီး အအေးခံကာ အရသာရှိရှိ ကျန်းမာရေးနဲ့ ညီညွတ်စွာ သုံးဆောင်နိုင်ပါပြီ။

Facebook Comments