Chocolate Brioche Wreaths

by Chef Saw Sar Mu Lar for Food Magazine

          Brioche ဆိုတာ ပေါင်မုန့်ပျော့ အချိုအမျိုးအစားဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံက စတင်ပြုလုပ်ခဲ့တဲ့ နာမည်ကြီး လူကြိုက်များတဲ့ မုန့်ဖြစ်ပါတယ်။ ကြက်ဥနဲ့ ထောပတ်အများဆုံး မုန့်သားထဲမှာပါပါတယ်။ ဂျုံ ၁ ကီလိုမှာ ကြက်ဥနဲ့ ထောပတ် ၄၀ဝ ဂရမ်ဝန်းကျင်လောက် ပါဝင်ပါတယ်။ ပေါင်မုန့်သား နူးညံ့ပျော့ပျောင်းပြီး အဆီပါဝင်မှုများပါတယ်။ အဓိကပါဝင်ပစ္စည်းတွေကတော့ ဂျုံ၊ ကြက်ဥ၊ ထောပတ်၊ နွားနို့၊ ရေ၊ Cream ဖြစ်ပါတယ်။ အများဆုံး နိုင်ငံတကာနံနက်စာမှာ စားကြပါတယ်။ သရေစာအနေနဲ့လည်း စားကြပါတယ်။ Brioche ကို ပေါင်မုန့် အလုံးလေးတွေ၊ ပေါင်မုန့်အကြီး (Loaf)တွေနဲ့ အခြားပုံစံအမျိုးမျိုး လုပ်စားကြပါတယ်။ အဲ့ဒီပေါင်မုန့်သားကို နယ်ပြီးရင် အရမ်းပျော့လို့ Deep Freezer ထဲမှာ အနည်းငယ်ခဲပြီး မာလာအောင် သိမ်းထားလေ့ရှိပါတယ်။ လိုအပ်တဲ့အတိုင်းအတာအထိ ခဲပြီးမှ လိုချင်တဲ့ ပေါင်မုန့်အမျိုးမျိုးကို လုပ်လို့ရပါတယ်။ အခုဒီပေါင်မုန့်သားကို အပြားလိုက်လှိမ့်ပြီး အထဲမှာ Chocolate Topping ကိုထည့်၍ လှိမ့်ပြီး နှစ်ခြမ်းခွဲ လိမ်ခွေထားပါတယ်။

Brioche ပေါင်မုန့်အတွက် ပါဝင်ပစ္စည်းများ

ဂျုံ  –  ၄၀ဝ ဂရမ်

Yeast  –  ၁၀ ဂရမ်

သကြား  –  ၅၀ ဂရမ်

ဆား  –  ၁၀ ဂရမ်

ကြက်ဥ –  ၄ လုံး

နွားနို့  –  ၆၀ ဂရမ်

ထောပတ်  –  ၁၅၀ ဂရမ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဂျုံ၊ Yeast သကြား၊ ကြက်ဥနှင့် နွားနို့တို့ကို စက်ထဲထည့်ပြီး ရောမွှေပါ။ နည်းနည်းကြာရင် ဆားထည့်ပါ။ လက်နဲ့ မွှေလည်း ရပါတယ်။

၂။       ၅ မိနစ်ခန့်မွှေပြီး ဂျုံအလုံးလေးဖြစ်လာလျှင် ထောပတ်ကို နည်းနည်းချင်း ကုန်သည်အထိ ထည့်ပါ။ ဂျုံလုံးကိုဆွဲကြည့်လျှင် ပလတ်စတစ်သားကဲ့သို့ ပါးပြီး မပြတ်ထွက်သည်အထိ နယ်ပေးရပါမယ်။ မုန့်နယ်တဲ့ အိုးဘေးနံရံများကို မကပ်တဲ့အထိ နယ်ပေးရပါမယ်။ ၁၀ မိနစ်ခန့် ကြာပါမယ်။ ပြီးလျှင် Brioche ဂျုံသားကို ဗန်းထဲ ထည့်ပြီး ပလတ်စတစ်အုပ်ကာ Deep Freezer ထဲ နာရီဝက်ခန့် မုန့်သားအနည်းငယ် ခဲလာ အောင် ထည့်သိမ်းပါ။

အတွင်းထည့်ရန် Chocolate Filling ပါဝင်ပစ္စည်းများ

ထောပတ်  –  ၅၀ ဂရမ်

သကြားအမှုန့်  –  ၅၀ ဂရမ်

Coco Powder  –  ၃၀ ဂရမ်

ပျားရည်  –  ၂၀ ဂရမ်

ဗနီလာအနံ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ထောပတ်၊ သကြားနှင့် ဗနီလာအနံ့တို့ကို ဖြူလာအောင် မွှေတံနှင့်မွှေပါ။

၂။       ထောပတ်ဖြူပြီးပွလာလျှင် Coco Powder ထည့်ပြီး မွှေပါ။

၃။       မွှေပြီးCoco Powder နှံ့သွားပြီဆိုလျှင် ပျားရည်ထည့်ပြီး ၂ မိနစ်ခန့် ထပ်၍ မွှေပါ။

၎။       နာရီဝက်ခန့် Deep Freezer ထဲထည့်သိမ်းထားပြီး ခဲလာသော မြငသခ့န ဂျုံသားကို ဆွဲထုတ်ကာ တလိမ့်တုံး (Rolling Pin) ဖြင့် 0.2 cm အထူအပါး ခန့် လှိမ့်ပြီး ၄ ပိုင်းပိုင်းပါ။ (မိမိလိုအပ်တဲ့ အကြီး အသေးပိုင်းလို့ရပါတယ်)

၅။       Chocolate Filling ကို ပြားထားသော ဂျုံသားပေါ် အပြည့်သုတ်လိမ်းပြီး (Roll) လှိမ့်ပါ။ လှိမ့်ထားသော (Roll) အလယ်ကို ၂ ခြမ်းဖြတ်ခွဲပြီး လိမ်၍ အကွင်းအလိမ်ကလေးများ လုပ်ပါ။

၆။       အခန်းအပူချိန်နှင့် ၄၅ မိနစ်ခန့် အပွခံပြီး အပေါ်အောက် မီးအပူချိန် 200˚C နဲ့  ၁၀ မိနစ်ခန့် ဖုတ်ပါ။ မုန့်သားရွှေဝါရောင်လေးသန်းလာလျှင် ရပါပြီ။ အရောင်မရလျှင် အချိန်အနည်းငယ် ထပ်၍ဖုတ်ပါ။ ဖုတ်၍ ပြီးသွားလျှင် မီးဖိုထဲမှ ထုတ်ပြီးပြီးချင်း မုန့်အပေါ်ကို ပျားရည်နဲ့ တောက်ပြောင်လာအောင် သုတ်ပေးပါ။ ပြီးလျှင် စားသုံးရန် အဆင်သင့်ဖြစ်ပါပြီ။ အရသာရှိရှိ ပူပူလေးကို စားသုံးနိုင်ပါတယ်။

Facebook Comments