ကော်ဖီ

by နွယ်နွယ်ခိုင်  (အကြီးတန်းအယ်ဒီတာ) မြန်မာ့အသံ for Food Magazine

          မြန်မာနိုင်ငံမှာ ကလေး၊ လူငယ်၊ လူကြီး ပြည်သူအားလုံးဟာဆိုရင် လက်ဖက်ရည်၊ ကော်ဖီ စတာတွေကို နှစ်ခြိုက်စွာ သောက်သုံးကြပါတယ်။ ကော်ဖီဆိုတာကတော့ အသက်အပိုင်းအခြားမရွေး၊ လူမျိုး၊ ဘာသာမရွေး သောက်သုံးနိုင်တဲ့ ဖြည့်စွက်အရည်တစ်မျိုးပဲ ဖြစ်ပါတယ်။ ကော်ဖီစတင်ထွက်ရှိခဲ့တဲ့ နိုင်ငံကတော့ အီသီယိုးပီးယားနိုင်ငံဖြစ်ပြီး ၉ ရာစုကတည်းက အီသီယိုးပီးယားနိုင်ငံကနေ စတင်ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ၉ ရာစုကတည်းက အီသီယိုးပီးယားနိုင်ငံမှာ ကော်ဖီကို စတင်သောက်သုံးခဲ့ကြတာဖြစ်ပြီး ၁၅ ရာစုမှာတော့ အာရပ်လူမျိုးတွေဟာ အာရှမှာ ကော်ဖီပင်တွေကို စီးပွားဖြစ် စတင်စိုက်ပျိုးကုန်သွယ်လာကြတာပဲ ဖြစ်ပါတယ်။

          ၁၆ ရာစု ရောက်တဲ့အခါမှာတော့ ကော်ဖီဟာ အာရေးဗျဝိုင်ရယ်လို့ ရေပန်းစားလာခဲ့ပြီး ပါရှား၊ အီဂျစ်၊ ဆီးရီးယားနှင့် တူရကီစတဲ့ အာရပ်ဒေသတွေအထိ နေရာယူလာခဲ့ပါတယ်။ မြန်မာနိုင်ငံကို ကော်ဖီရောက်ရှိလာတာကတော့ သမိုင်းအထောက်အထားတွေနဲ့ တိတိကျကျဖော်ပြထားခြင်းမရှိပေမယ့်လည်း တောင်ငူခေတ် နတ်ရှင်နောင် လက်ထက်မှာ ပေါ်တူဂီကုန်သည်တွေဟာ အောက်မြန်မာနိုင်ငံကို ကော်ဖီအပါအဝင် စပျစ်ဝိုင်တွေနဲ့ လာရောက်ကုန်သွယ်မှုပြုပြီး ကူးလူးဆက်ဆံခဲ့ကြတယ်ဆိုတဲ့ သမိုင်း အထောက်အထား အတိအကျကိုတော့ လေ့လာတွေ့ရှိရပါတယ်။

          မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအပါအဝင် နိုင်ငံတိုင်းမှာရှိကြတဲ့  လူသားအားလုံးဟာ နံနက်အိပ်ရာထ၊ နေ့လယ်စာအဆာပြေနှင့် ညနေခင်းတွေ၊ ညပိုင်းတွေမှာပါ နှစ်ခြိုက်စွာနဲ့ ကော်ဖီကို သောက်သုံးလေ့ရှိကြပါတယ်။ အဲဒီလို လူအတော်များများ နှစ်ခြိုက်စွာ သောက်သုံးနေကြတဲ့ ကော်ဖီတွေကို မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးလျက်ရှိကြပါတယ်။ ကုန်းမြင့်ကော်ဖီဖြစ်တဲ့ အာရေးဗက်ကာ ကော်ဖီကို ပြင်ဦးလွင်၊ ရွာငယ်၊ ချင်းတောင်တန်း စတဲ့ ကုန်းမြင့်ဒေသတွေမှာ စိုက်ပျိုးထုတ်လုပ်နေကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ကော်ဖီသောက်သုံးမှုဟာ နေ့စဉ်ဆိုသလို မြင့်မားလာနေတာကြောင့် ကော်ဖီစိုက်ပျိုးမှုကို ယခင်က ကုန်းမြင့်ဒေသမှာ စိုက်ပျိုးခဲ့ကြပေမယ့် အခုလက်ရှိကာလမှာတော့ မြေနိမ့်ဒေသတွေမှာပါ  ရိုဗာစတားလို့ခေါ်တဲ့ မြေနိမ့်ကော်ဖီတွေကို တိုးချဲ့စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။

          ရိုဗာစတားလို့ခေါ်တဲ့ မြေနိမ့်ကော်ဖီကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မော်တင်စွန်း ကားလမ်း ၂၈ မိုင် ၅ ဖာလုံမှာ တည်ရှိတဲ့ မဏ္ဍပ်ကျေးရွာရဲ့အနောက်ဘက်မှာ  စိုက်ပျိုးနေပြီ ဖြစ်ပါတယ်။ မြေနိမ့်ကော်ဖီပင်တွေကို ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှာ စတင်စိုက်ပျိုးဖို့အတွက် မြေရှင်းလင်းမှုတွေကို စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၃၊ ၂၀၁၄ ခုနှစ် မှာတော့ ဧက ၃၀ဝ၀ ကို စတင်စိုက်ပျိုးလာနိုင်ခဲ့ပါတယ်။ စိုက်ပျိုးခဲ့တဲ့ ကော်ဖီ မျိုးတွေကတော့ ဗီယက်နမ်နိုင်ငံက ရရှိတဲ့ TR 4 နှင့် TR 9 စပ်မျိုးတွေကို စိုက်ပျိုးခဲ့တာ ဖြစ်ပြီး မြေနိမ့်ကော်ဖီစိုက်ပျိုးခဲ့တဲ့ မူလခြံရဲ့ မြေအချဉ်ဓာတ်ဟာဆိုရင် ၄.၅ မှာ ရှိနေ တာကြောင့် ကော်ဖီစိုက်ပျိုးဖို့အတွက် မသင့်တော်တဲ့ မြေမျိုးဖြစ်နေပါတယ်။ ဒါကြောင့် ကော်ဖီစိုက်ပျိုးနိုင်တဲ့ မြေဖြစ်ဖို့အတွက် မြေအချဉ်ဓာတ်ကို မြေပြင်မှုန့်သုံးပြီး စိုက်ပျိုးခဲ့ ကြရပါတယ်။ အလားတူ ကော်ဖီစိုက်ပျိုးဖို့အတွက် မြေဟာ အဆင်ပြေပေမယ့်လည်း ရေအတွက်က အခက်အခဲတွေနဲ့ကြုံခဲ့ရပြန်ပါတယ်။ ကော်ဖီပင်ဟာ ရေကြိုက်တဲ့အပင်မျိုးဖြစ်တာကြောင့် ကော်ဖီတစ်ပင်ကို ရေ ၄ ဂါလန်နဲ့ တစ်ပတ်ကို နှစ်ကြိမ်လောင်းပေးရပါတယ်။ တစ်နှစ်တာပတ်လုံးအနေနဲ့ ကွင်းချောင်းတစ်ခုတည်းပဲ စီးဆင်းတာကြောင့် စိုက်ပျိုးရေရရှိမှုမှာဆိုရင် အလွန်ပဲ ခက်ခဲလှပါတယ်။ အဲဒီလို ဒေသအတွင်းစီးဆင်းနေတဲ့ ရေကို စိုက်ပျိုးရေအဖြစ် စုပ်ယူသုံးစွဲတဲ့အခါမှာလည်း ဒေသခံပြည်သူတွေအတွက် အရမ်းကို အခက်အခဲရှိနိုင်တာကြောင့် ကျေးရွာနေပြည်သူတွေ အခက်အခဲမရှိစေဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကို အထူးအလေးပေးပြီးတော့လည်း စိုက်ပျိုးလုပ်ဆောင်ခဲ့ကြရပါတယ်။

          “မြေကြီးနဲ့ပတ်သက်လို့ကတော့ ဒီကော်ဖီခြံတည်ထောင်ထားတဲ့နေရာမှာ မူလက မြေအချဉ်ဓာတ်က ၄.၅ ပေါ့။ တကယ်တမ်းပြောရရင်  ၄.၅ က ကော်ဖီနဲ့ မသင့်တော်ပါဘူး။ ကျွန်တော်တို့က အဲဒါကို အိန္ဒိယကနေပြီးတော့ သုံးတဲ့ မြေပြင်မှုန့်လို့ ခေါ်ပါတယ်။ အဲဒါက ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဆာလဖာတွေက သူ့ အချိုးအစား လိုက် ပါပါတယ်။ အဲဒါကို ကျွန်တော်တို့ တစ်နှစ်ပြီး တစ်နှစ်သုံးလာတာ  နှစ်ကြိမ်သုံးပြီးပါပြီ။ တစ်ကြိမ်သုံးရင် သုံးသလောက် မြေအချဉ်ဓာတ်က လျော့သွားပြီးတော့ ငန်တဲ့ဘက်ကို ရောက်လာတယ်။ အခုဆိုရင် မြေအချဉ်ဓာတ်က ၆.၅ ကနေ ၇ လောက်အထိ ရောက် သွားတဲ့နေရာတွေလည်း တော်တော်များနေပါပြီ။ အဲဒါဆိုတော့ ကော်ဖီပင်အတွက် တော်တော်အဆင်ပြေသွားပါပြီ။ ဒီမြေကြီးကနေ စပြီးတော့ ကျွန်တော်တို့က အများ ကြီးဂရုစိုက်ပြီး ပြုစုပျိုးထောင်ရပါတယ်။ အရိပ်ရအပင်တွေကအစ၊ ရေ လိုအပ်မှုကအစ ရေလိုအပ်မှုဆိုလည်း အများကြီးခက်ခဲခဲ့ပါတယ်။ ရေက ဒီမှာ စီးနေတာဆိုလို့ ကွင်း ချောင်းတစ်ချောင်းပဲ တစ်နှစ်ပတ်လုံး စီးတာပါ။ အဲဒီကနေပြီးတော့ ကျွန်တော်တို့  ရေယူရပါတယ်။ ယူတယ်ဆိုပေမယ့်လည်း ဒေသနဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် ကျွန်တော်တို့ အများကြီးဂရုစိုက်ပါတယ်။ ချောင်းကိုပိတ်ပြီး ယူတာတို့ ဘာတို့မရှိဘူး။ ချောင်းကို ဒီအတိုင်း သဘာဝအတိုင်းလေးပဲ ရေကိုစုပ်ပါတယ်။ ဒီရေကို စုပ်တဲ့အခါမှာလည်း စက်ဆီတွေ၊ ချောဆီတွေ ရေထဲမကျ အောင် ကျွန်တော်တို့က အများကြီး အစီအစဉ်တွေ လုပ်ထားပေးပါတယ်။ ပြီးတော့ ဒေသခံတွေက တကယ်ကို ရေနည်းသွားပါတယ်လို့ သူတို့ပြောလာတယ်ဆိုရင်လည်း ကျွန်တော်တို့က အဆင်ပြေအောင်ဆိုပြီး ဒီဘက်မှာ ကျွန်တော်တို့ကွင်းထဲမှာ ၆ လက်မ စက်ရေတွင်းတစ်တွင်း တပ်ဆင်ပြီးတော့ ရွာကိုလည်း ရေလှူထားပေးပါတယ်။ ရွာဘက် မှာ ရေလှောင်ကန် ဂါလန် ၁၆၀ဝ ဆံ့ သောက်ရေ၊ သုံးရေရအောင် လှူထားပေးပါတယ်။ ပြီးတော့ ၂ လက်မ လက်တုံငင်ရေတွင်းကိုလည်း ကျွန်တော်တို့ တပ်ဆင်ထားပေးပါတယ်။ ဒီဒေသခံတွေ အဆင်ပြေအောင်လို့ပါ”

          “သက်တမ်းနုနေသေးတဲ့ ကော်ဖီပင်တွေရဲ့အလယ်မှာ မြေပြန့်ချယ်ရီ၊ ခါတော်မီနဲ့ ကသစ်ဆိုတဲ့ အရိပ်ရအပင်တွေကိုပါ ညှပ်ပြီးတော့ စိုက်ပျိုးပေးရပါတယ်။ ကုန်းမြင့် ကော်ဖီနဲ့ မြေနိမ့်ကော်ဖီတို့ရဲ့ ကွာခြားမှုတွေကို ကြည့်မယ်ဆိုရင် တူမယောင်နဲ့ ကွဲပြားနေတာကိုလည်း တွေ့ရပြန်ပါတယ်။ မြေနိမ့်ကော်ဖီဟာ အထွက်နှုန်းကို အဓိက အသားပေးတဲ့ ကော်ဖီအမျိုးအစားဖြစ်တဲ့အတွက် သူ့ရဲ့အထွက်နှုန်းကလည်း ပိုမိုထွက်ရှိနေပါတယ်။ မြေနိမ့်ကော်ဖီဟာဆိုရင် အပူချိန် ၁၈ ဒီဂရီနဲ့ ၃၆ ဒီဂရီအတွင်းမှာ ဖြစ်ထွန်း နိုင်ပြီးတော့ ကုန်းမြင့်ကော်ဖီဟာဆိုရင် ပျမ်းမျှအားဖြင့် ၁၅ ဒီဂရီနဲ့ ၂၅ ဒီဂရီအတွင်းမှာ ဖြစ်ထွန်းအောင်မြင်ပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ အာရေးဗက်ကာလို့ခေါ်တဲ့ ကုန်းမြင့်ကော်ဖီဟာ အနံ့မွှေးပြီး အရသာကောင်းမွန်တာကို ခံစားရပါတယ်။ ဒါပေမဲ့ တကယ့်ကို ကော်ဖီရဲ့ စူးရှတဲ့အရသာကို  လိုချင်တယ်ဆိုရင်တော့ ရိုဗာစတားလို့ခေါ်တဲ့ မြေနိမ့်ကော်ဖီကို စိုက်ပျိုးကြပါတယ်။ အခုနောက်ပိုင်းကာလမှာ ထွက်ရှိနေတဲ့ အသင့်သောက်သုံးလို့ရတဲ့ ကော်ဖီမစ်ဟာဆိုရင် ရိုဗာစတားလို့ခေါ်တဲ့ မြေနိမ့်ကော်ဖီကနေ ရရှိတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာရေးဗက်ကာလို့ခေါ်တဲ့ ကုန်းမြင့်ကော်ဖီနဲ့ ရိုဗာစတားလို့ခေါ်တဲ့ မြေနိမ့်ကော်ဖီဟာ အဲဒီနှစ်မျိုးကို ရောစပ်ပြီး စတားဗက်နဲ့ နက်စလေတို့ ကဲ့သို့သော ကော်ဖီကုမ္ပဏီတွေကနေပြီးတော့ ကိုယ့်နည်းပညာနဲ့ကိုယ် အချိုးကျရောစပ်ပြီး ကော်ဖီယဉ်ကျေးမှုကို တဖြည်းဖြည်းနဲ့ ပြောင်းလဲလာကြပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးပေး ဆောင်ရွက်တဲ့အခါမှာ ထုတ်လုပ်သူ တောင်သူတွေ ဝင်ငွေ တိုးတက်ရရှိရေးကို ဦးစားပေးပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် စိုက်ပျိုးရေးလုပ်ဆောင် နေတဲ့ မည်သည့် တောင်သူ လယ်သမားတွေမဆို ကော်ဖီ စိုက်ပျိုးချင်တယ်၊ ရော်ဘာစိုက်ပျိုးချင်တယ်၊ ဒါမှမဟုတ် စပါး ကို စိုက်ပျိုးချင်ပါတယ်လို့ဆိုရင် မိမိတို့စိုက်ပျိုးချင်တဲ့ သီးနှံတွေနဲ့ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ဆက်သွယ် ဆောင်ရွက်ကြမယ်ဆိုရင် နီးစပ်ရာ စိုက်ပျိုးရေးဝန်ထမ်းတွေ ကလည်း ပေါင်းစပ်ညှိနှိုင်းပြီး နည်းပညာပေးမှုတွေကို လုပ်ဆောင်ပေးသွားမှာဖြစ်သလို နည်းပညာအခက်အခဲတွေ ရှိခဲ့မယ်ဆိုရင်လည်း ဃေူ ဃနညအနမ နဲ့ဆက်သွယ်ပြီး မေးမြန်း စုံစမ်းနိုင်ပါတယ်” လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က တိုက်တွန်းပြောကြားပါတယ်။

          “အဓိကကတော့ ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ လယ်ယာကဏ္ဍဖွံ့  ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြတဲ့နေရာမှာ တောင်သူတွေ၊ ထုတ်လုပ်သူတွေ ဝင်ငွေတိုးတက်ရရှိရေးကို ကျွန်တော်တို့က ဦးစားပေး ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေမှာ ဒေသခံ တောင်သူလယ်သမားများရဲ့ ဝင်ငွေတိုးတက်ရေးကို ကျွန်တော်တို့ အာရုံစိုက်ပြီးတော့ ဆောင်ရွက်ပေးတဲ့အတွက်ကြောင့် ဒီတောင်သူလယ်သမားများအနေနဲ့ ကော်ဖီစိုက်ပျိုးချင်တယ်၊ စပါးစိုက်ပျိုးချင်တယ်၊ ရော်ဘာစိုက်ပျိုးချင်တယ်လို့ဆိုရင် ကျွန်တော်တို့ဌာနနဲ့ ဆက်သွယ်ဆောင်ရွက်ပါ။ နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများကလည်း ကျွန်တော်တို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးတဲ့လုပ်ငန်းတွေ၊ နောက် နည်းပညာပေးတဲ့လုပ်ငန်းတွေ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့နဲ့ လက်လှမ်းတစ်မီမှာရှိနေတဲ့ တောင်သူများကတော့ ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံနေခဲ့သလိုပဲ၊ လက်လှမ်းမမီတဲ့ ဒေသမှာရှိတဲ့ တောင်သူများအနေနဲ့ကလည်း ဒီသတင်းကို ရမယ်ဆိုရင် စိုက်ပျိုးရေး ဦးစီးဌာနကို အချိန်မရွေး ဆက်သွယ်ပြီးတော့ မျိုးတွေ၊ နည်းပညာတွေနဲ့ပတ်သက်ပြီး အကြံဥာဏ်များ ရယူမယ်ဆိုရင် ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်ပေးဖို့ အဆင်သင့် ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။ တောင်သူများအနေနဲ့ လိုအပ်တဲ့ နည်းပညာ၊ မျိုးစေ့နဲ့ စိုက်ရေးပျိုးရေးမှာ လိုအပ်တဲ့ အခက်အခဲများရှိရင် ကျွန်တော်တို့စိုက်ပျိုးရေးဦးစီးဌာနက  ဖွင့်လှစ်ထားတဲ့ Call Center  ကို ဆက်သွယ်ပြီးတော့ မေးမြန်းစုံစမ်းနိုင်ပါတယ်။ ကျွန်တော်တို့ Call Center ရဲ့ ဖုန်းနံပါတ်ကတော့ ဝ၁-၂၃၉၉၅၅၅ ဖြစ်ပါတယ်။ အဲဒီ Call Center ကို ကျွန်တော်တို့ ရုံးချိန်မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ မနက် ၉ နာရီခွဲကနေပြီး ညနေ ၃ နာရီအထိ မေးမြန်း စုံစမ်းနိုင်ပါတယ်လို့ တောင်သူများကို အသိပေးချင်ပါတယ်” လို့ ၄င်းကပြောပါတယ်။

          တောင်သူဦးကြီးများရှင်… စိုက်ပျိုးရေးဌာနအနေနဲ့ ဂတ်သီးနှံ ၁၅ မျိုးကို တိုးချဲ့ ဆောင်ရွက်လျက်ရှိတဲ့အခါမှာ ကော်ဖီသီးနှံဟာ တိုးချဲ့စိုက်ပျိုးလျက်ရှိတဲ့ ဂတ်သီးနှံထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် မြေနိမ့်ကော်ဖီဖြစ်တဲ့ ရိုဗာစတားကော်ဖီကို မြေဆီနဲ့ ရေကိုသာ အလုံအလောက်ကျွေးပြီး စိုက်ပျိုးသွားနိုင်မယ်ဆိုရင် အောင်မြင်ဖြစ်ထွန်းပြီး အလားအလာကောင်းတွေ ရရှိနိုင်တဲ့ သီးနှံဖြစ်ပါတယ်။ စိုက်ပျိုးရေးဌာနနဲ့ လက်လှမ်းမမီတဲ့ နေရာတွေမှာရှိတဲ့ တောင်သူတွေအနေနဲ့ ဒီသတင်းကို ရရှိတာနဲ့ စိုက်ပျိုးရေး ဦးစီးဌာနကို ဆက်သွယ်ပြီး မျိုးစေ့အပါ အဝင် စိုက်ပျိုးရေးမှာ လိုအပ်နေတဲ့ နည်းပညာအခက်အခဲတွေ နဲ့ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာနကနေ ဖွင့်လှစ်ထားတဲ့ Call Center ဖုန်းနံပါတ် ဖြစ်တဲ့ ဝ၁-၂၃၉၉၅၅၅ ကို မနက် ၉ နာရီခွဲကနေ ညနေ ၃ နာရီအထိ ရုံးချိန်အတွင်းမှာ မေးမြန်းစုံစမ်းပြီး အကြံÓဏ်များ ရယူနိုင်ပါတယ်။

Facebook Comments