ကော်ဖီအရသာ ခံစားသောက်သုံးခြင်း

 Coffee TT_1

စာဖတ်သူမိတ်ဆွေ . . . ကော်ဖီကို ဘယ်လိုသောက်ပါသလဲ?

          ဒီလိုမေးခွန်းမျိုး အမေးခံရရင် ‘ကော်ဖီပဲ ခွက်ထဲထည့်ဖျော်ပြီး ပါးစပ်ထဲမျိုချ သောက်တာပေါ့လို့’ ပြောရင်ကော မမှားဘူးလား။ မမှားပါဘူး။ ဒါပေမဲ့ ကော်ဖီကောင်းတစ်ခွက်ကို သောက်ရင် Wine ကောင်းတစ်ခွက်ကို သောက်သလိုပဲ ခံစားမှုများစွာနဲ့ အရသာခံသောက်သုံးကြည့်ပါ။ ကော်ဖီကောင်းတစ်ခွက်ကို ပိုမိုတန်ဖိုးထားလာမှာ အသေအချာပါ။

          အကြောင်းကတော့ ကော်ဖီမှာ အနံ့နဲ့အရသာပေါင်းစုံကို ဖန်တီးပေးတဲ့ Aroma & Flavor Chemical Compound အမျိုးပေါင်း (၁၅ဝဝ)လောက် ရှိလို့ပါပဲ။ Wine နဲ့ယှဉ်လိုက်ရင် Wine မှာတော့ Compound အမျိုးပေါင်း ၃ဝဝ မှ ၄ဝဝ အထိပဲ ရှိပါတယ်။ သို့ပေတည်း Wine ကိုတောင်မှ ကမ္ဘာတစ်ဝှမ်းမှာ အရသာခံ သောက်သုံးနေကျရင် Coffee ကိုဆိုရင်တော့ ဒီထက်အဆပေါင်းများစွာ အရသာခံစားသောက်သုံးသင့်တာ အသေအချာပါပဲ။

          ဒါကြောင့် ကော်ဖီသောက်တဲ့အခါ ‘ကော်ဖီဆိုခါးမှ’ ဆိုတဲ့ ခံစားမှုတစ်မျိုးတည်းနဲ့ မသောက်သုံးဘဲ နို့ဆီ၊ သကြား စသောအရသာများမထည့်ဘဲ သဘာဝကပေးတဲ့ ကော်ဖီကောင်းတစ်ခွက်ရဲ့ အရသာစစ်စစ်ကို ခံစားသောက်သုံးကြည့်ကြရအောင်လား။ စာဖတ်သူမိတ်ဆွေ ကော်ဖီကောင်းတစ်ခွက်ကို ပိုမိုနှစ်သက်လာပါလိမ့်မယ်။ ဘယ်လိုခံစားသောက်သုံးရမလဲ။

          ဒီလဆောင်းပါးကတော့ ကော်ဖီကို ပုံမှန်သောက်သုံးခြင်းထက် အနံ့အရသာပိုမိုခံစားပြီး သောက်မယ့်နည်းလမ်းကို စူးစမ်းကြည့်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုသောက်သုံးဖို့ ဆိုရင်တော့-

(၁)     အခြားသော အရသာများ (နို့ဆီ၊ သကြား၊ နို့မှုန့် အစရှိသဖြင့်) မထည့်ပါ။

(၂)     နည်းစနစ်မှန်ကန်စွာလှော်ထားတဲ့ လတ်လတ်ဆတ်ဆတ် ကော်ဖီစေ့(သို့)ကော်ဖီမှုန့် သုံးပါမယ်။

(၃)     မိမိကြိုက်နှစ်သက်သော ဖျော်နည်း(Espresso သို့ Brewed coffee) ကို အသုံးပြုနိုင်ပါတယ်။

ကဲ . . . လုပ်ငန်းစလိုက်ကြရအောင်။ ဒီအခါကော်ဖီကို အောက်ပါအချက်(၅)ချက်နဲ့ အရသာခံစားကြည့်လိုက်ပါ။

Coffee TT_2(၁) Acidity (သို့) သဘာဝ အချဉ်ဓာတ်

          ကော်ဖီကောင်းတစ်ခွက်ဆိုရင် ပထမဦးစွာခံစားမှုတစ်ခုကတော့ ကောင်းမွန်လတ်ဆတ်လန်းဆန်း စေတဲ့ အချဉ်ဓာတ်ကို မိမိခံတွင်းမှာ ရရှိပါလိမ့်မယ်။ ဒီနေရာမှာတော့ အသီးတစ်မျိုးမျိုး (ဥပမာ- ပန်းသီးစိမ်း၊ Green Apple) ကို စားလိုက်ရင် ခံစားရတဲ့ ကောင်းသော အချဉ်ဓာတ်မျိုးကို ဆိုလိုပါတယ်။ အခြားရရှိနိုင်တဲ့ Acidity များကတော့ Lime, Lemon, Citrus အစရှိသော လန်းဆန်းစေတဲ့ အရသာမျိုးများလည်း ဖြစ်နိုင်ပါတယ်။

Coffee TT_6(၂) Flavor (သို့) အနံ့နှင့် အရသာ

          နောက်ရရှိမယ့် ခံစားမှုတစ်ခုကတော့ Flavor ပါ။ Flavor ဆိုတာ Taste အရသာ နဲ့ Smell အနံ့တို့ ပေါင်းစပ်ပြီး ရရှိတဲ့ အနံ့အရသာ ခံစားမှုပါပဲ။ ဥပမာဆိုရင်တော့ Dark Chocolate လိုကောင်းသော အခါးဓာတ်နဲ့ အနံ့ခံစားမှု (သို့) Strawberry လို အသီးမှပေးတဲ့ အနံ့အရသာ ခံစားမှုမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာတော့ မတူညီသော ကော်ဖီထွက်ရှိတဲ့ဒေသများ၊ ကော်ဖီအမျိုးအစား ကွဲပြားမှုများပေါ်မူတည်ပြီး အနံ့အရသာကွဲပြားခြင်းကိုလည်း ခံစားနိုင်ပါတယ်။

Coffee TT_3

(၃) Body (သို့) အပျစ်အကျဲ

          နောက်တစ်မျိုးကတော့ Body ခေါ် လျှာပေါ်မှာ Coffee ရဲ့ အပျစ်အကျဲကို ခံစားရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ရေနဲ့ နွားနို့ယှဉ်သောက် ကြည့်ပါ။ နွားနို့ကိုသောက်ရင် ရေကိုသောက်တာထက် လျှာပေါ်မှာ ပိုပျစ်ပြီး လေးလေးပင်ပင် ခံစားမှုမျိုးကို ရရှိပါလိမ့်မယ်။ ကော်ဖီမှာလည်း အချို့သော ကော်ဖီများဟာ သောက်လိုက်ရင် ကောင်းမွန်သော အနေတော်အပျစ်အကျဲမျိုးကို ပေးနိုင်ပါတယ်။

Coffee TT_4(၄)     Sweetness (သို့) အချိုဓာတ်

ဒီအချက်ကတော့ ‘ကော်ဖီဆိုရင် ခါးမှ’ ဆိုတဲ့ အယူအဆကို မှားကြောင်း သက်သေပြနိုင်ပါတယ်။ အချို့သော ကော်ဖီများကတော့ ရေမြေဒေသအလိုက် သောက်လိုက်ရင် အသီးတစ်မျိုးမျိုး စားလိုက်ရသလိုပေးတဲ့ အချိုဓာတ် (သို့) ပျားရည်သောက်လိုက်ရင် ရတဲ့အချိုဓာတ် အစရှိသဖြင့် ခံစားမှုမျိုးကို ပေးနိုင်ပါတယ်။

Coffee TT_5

(၅)     Aftertaste (သို့) နောက်ဆုံးပိတ်အရသာ

          ကော်ဖီတစ်ခွက် (သို့) တစ်ဇွန်းသောက်ပြီး နောက်ဆုံးအချိန်မှာတော့ ပါးစပ်ထဲမှာ အချိန်အတန်ကြာ စွဲကျန်နေတဲ့ ခံစားမှုကို Aftertaste လို့ ခေါ်ပါတယ်။ အချို့သော ကောင်းတဲ့ကော်ဖီတွေဆိုလျှင် နောက်ထပ်အစာမစားမချင်း နာရီဝက်မှ တစ်နာရီအထိ စွဲကျန်နေတဲ့ ခံတွင်းခံစားမှုမျိုးကို ပေးစွမ်းနိုင်ပါတယ်။

          ကဲ . . . အခုဆိုရင်တော့ စာဖတ်သူမိတ်ဆွေလည်း ကော်ဖီကောင်းတစ်ခွက်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ အရသာခံသောက် သုံးနိုင်ပြီလို့ ယူဆပါတယ်။ အချုပ်အားဖြင့် ပြောရရင်တော့ ကော်ဖီကို စိတ်အာရုံခံတွင်း လန်းဆန်းသွားချင်လို့ပဲ သောက်သောက်၊ ကြိုက်လို့ပဲသောက်သောက် သေချာတာတစ်ခုကတော့ ကောင်းတဲ့ကော်ဖီ မျိုးကို သောက်သုံးပြီးရင် ခံစားမှုကောင်းကို ရရှိဖူးမှာပါ။ ဒါပေမဲ့ ဒီကော်ဖီ ဘာကြောင့် ကောင်းနေတာလဲဆိုတာ စဉ်းစားဖြစ်ချင်မှ စဉ်းစားဖြစ်မှာပါ။ သို့ပေမဲ့လည်း နောင်တစ်ခါ ကော်ဖီသောက်ရင် စာရေးသူရှင်းပြထားတဲ့ အချက်(၅)ချက်ထဲမှ ခံစားမှုလေးများကို မြင်ယောင်မိလိုက်ပါ။ သြော် . . . ဒီကော်ဖီဘာကြောင့် ဒီလိုကောင်းတယ်ဆိုတာ ပိုမြင်လာပြီး ပိုမိုကောင်းမွန်သော ကော်ဖီခံစားမှုများနဲ့ Coffee Experience ကောင်းများကို ရရှိခံစားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ “Have a Great Coffee Day!”ပါ ပရိသတ်ကြီးရေ . . . ။

Facebook Comments