”ကျန်းမာချင်လား၊ ကော်ဖီသောက်လိုက်” (အပိုင်း ၁)

Coffee_1

”ကျန်းမာချင်လား၊   ကော်ဖီသောက်လိုက်” (အပိုင်း ၁)

          ကော်ဖီ။ ကျန်းမာရေး။ အိပ်မပျော်နိုင်ဘူး ! ရင်တုန်မှာပေါ့ ! . . . စသဖြင့် အငြင်းပွားနိုင်ပါတယ်။ ကော်ဖီနဲ့ ကျန်းမာရေး ဆက်စပ်လိုက်ရင် သို့လောသို့လော ပြောချင်စရာတွေများသား။

          ‘ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းရဲ့လား’ လို့ အငြင်းပွားထားခဲ့တဲ့ သာဓကများရှိခဲ့သလို နောက်ပိုင်းမှာတော့ ကော်ဖီသောက်ရင် ပိုကျန်းမာနိုင်တယ်ဆိုတာကို သုတေသနလုပ်ပြီး research စောင့်ကြည့်လေ့လာမှုများက သက်သေပြနိုင်ခဲ့ပါတယ်။ ဒီလမှာ စာရေးသူအနေနဲ့ ဒီအငြင်းပွားတဲ့ ခေါင်းစဉ်ကို စာဖတ်သူများအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သောက်သုံးသင့်လားဆိုတာ စဉ်းစားနိုင်အောင် အချက်အလက်နဲ့ ချပြဆွေးနွေးသွားပါမယ်။ အတိအကျပြောရရင် အချက် (၁ဝ) ချက်နဲ့ စဉ်းစားကြည့်ပြီးမှ ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းမကောင်း ဆုံးဖြတ်ကြတာပေါ့။ ဒီလမှာ (၅) ချက်နဲ့ နောက်လမှာ (၅) ချက်ကို လေ့လာကြည့်ရအောင်။

          လုပ်ငန်းစလိုက်ရအောင်။ မိတ်ဆွေ . . . ဒီဆောင်းပါးကို ဆက်မဖတ်ခင် လှော်ထားပြီး အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ကော်ဖီစေ့ (သို့) ကော်ဖီမှုန့် စစ်စစ်ကိုသုံးပြီး ကော်ဖီကောင်းတစ်ခွက်ကို အရင်ဖျော်လိုက်ရအောင်။ ပြီးရင် စသောက်ရအောင်။

          တခြားဘယ်လိုပဲငြင်းကြငြင်းကြ။ အခု ကော်ဖီသောက်လိုက်ပြီး ခံစားရတဲ့ လန်းဆန်းမှုကိုတော့ မိတ်ဆွေ သေချာစွာ ခံစားရမှာပါ။ အဲဒါ အချက်နံပါတ် (၁) ပါပဲ။

Coffee_2(၁)    ကော်ဖီသောက်ရင် စွမ်းဆောင်အားနဲ့ လန်းဆန်းမှုကို တိုးပွားစေပါတယ်။

          ကော်ဖီတစ်ခွက်သောက်ပြီးတာနဲ့ နွမ်းနယ်မှု၊ ပင်ပန်းပြီး ကုန်ခန်းနေတဲ့ အားအင်ကို ပြန်လည်ဖြည့်ဆည်းပေးပါတယ်။ အကြောင်းကတော့ ကော်ဖီမှာ ပါဝင်တဲ့ Caffeine (သို့) ကဖိန်းဓာတ်ကြောင့်ပါ။ ကော်ဖီသောက်လိုက်တာနဲ့ ဒီကဖိန်းဓာတ်က ကိုယ်တွင်းရှိ သွေးကြောထဲသို့ စိမ့်ဝင်သွားပြီး လူ့ဦးနှောက်ကို ရောက်ရှိပါတယ်။ ဦးနှောက်ထဲမှာ Neurotransmitter လို့ခေါ်တဲ့ ဦးနှောက်နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းမျးကို သတင်းပို့ ချိတ်ဆက်ပေးတဲ့ ဦးနှောက်တွင်း ဓာတုပစ္စည်းများ ရှိပါတယ်။ Caffeine လို့ခေါ်တဲ့ အချို့သော ဦးနှောက်တွင်း ဓာတုပစ္စည်းကတော့ သတင်းပို့ ချိတ်ဆက်ပေးတာကို နှောင့်နှေးစေတဲ့ ဓာတ်ရှိပါတယ်။ Caffeine ခေါ် ကဖိန်းကတော့ ထို Adenosine ကို တားမြစ်ပေးလိုက်ပြီး သတင်းပို့ချိတ်ဆက်ပေးတဲ့ အခြားသော Neutrotransmitter များဖြစ်တဲ့ Norepinephrine နဲ့ Dopamine ဓာတ်များကို တိုးပွားစေခြင်းကြောင့် neurons လို့ခေါ်တဲ့ သတင်းအချက်အလက်နားလည်မှုကို ပေးစွမ်းနိုင်တဲ့ ဆဲလ်ခေါ် ကလပ်စည်းများ ပိုမိုတိုးပွားစေပါတယ်။ အတိုချုံးနဲ့ အရှင်းဆုံးပြောရရင်တော့ ကော်ဖီသောက်ခြင်းကြောင့် မှတ်ဥာဏ်၊ ခံစားမှု၊ စွမ်းဆောင်အား၊ လန်းဆန်းမှုနဲ့ ဖြတ်လတ်မှုတို့ကို တိုးပွားစေသော သိပ္ပံပညာအရ အထင်းသား တွေ့မြင်နိုင်ပါပြီ။

(၂)    ကော်ဖီသည် ကိုယ်ခန္ဓာရှိ အဆီများ လောင်ကျွမ်းခြင်းကို အထောက်အကူပြု၏။

          Fat burning supplement လို့ခေါ်တဲ့ အဆီကျဆေးများ အားလုံးနီးပါးမှာ ကဖိန်းဓာတ်ပါဝင်သော စာဖတ်သူမိတ်ဆွေ သိပါသလား။

          ကဖိန်းဓာတ်က အဆီကို ချေဖျက်ပေးတဲ့ သဘာဝထွက်ပစ္စည်းအနည်းစုထဲမှ အဖိုးတန်တဲ့ ရှားပါးပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သုတေသန လေ့လာချက်များအရ ကိုယ်တွင်းအစာ ချေဖျက်မှု metabolism ကို ၃%မှ ၁၁% အထိ ကဖိန်းဓာတ်က မြှင့်တင်နိုင်စွမ်း ရှိပါတယ်။

          ခန္ဓာကိုယ် အဝလွန်သူများအတွက်တော့ ကဖိန်းဓာတ်က အဆီလောင်ကျွမ်းမှုကို ၁ဝ% ပိုမိုမြှင့်တင်ပေးနိုင်ပြီး၊ ခန္ဓာကိုယ်သွယ်လျသူများအတွက် ၂၉% အထိ ပိုမြှင့်တင်နိုင်စွမ်းပေးတာကြောင့် ကိုယ်အလေးချိန် အဆီချချင်သူများအတွက်တော့ အဆင်ပြေစေပါတယ်။ မှတ်ချက် ။   ။ ဒီနေရာမှာ စာရေးသူအနေနဲ့ ပြောချင်ကတော့ သောက်သုံးသင့်တဲ့ ကော်ဖီကတော့ သကြား၊ နွားနို့၊ နို့ဆီအစရှိတဲ့ အချိုနဲ့ အဆီဓာတ်မပါတဲ့ ကော်ဖီစစ်စစ်ကို သောက်သုံးသင့်ကြောင်း ဆိုလိုချင်ပါတယ်။

(၃)    ကော်ဖီတွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များပါရှိသည်။

          ကော်ဖီဟာ ‘အမည်းရောင်သောက်စရာအရည်’ ထက်မကပါ။

          ကော်ဖီစေ့မှ အာဟာရဓာတ်အများစုက ဖျော်လိုက်ရင် ရလာတဲ့ နောက်ဆုံးသော ကော်ဖီတစ်ခွက်ထဲမှာ အပြည့်အဝရှိပါတယ်။

          ကော်ဖီတစ်ခွက်ထဲမှာ ကျွန်ုပ်တို့ လူသားများ ကျန်းမာရေးအတွက် နေ့စဉ် စားသုံးသင့်သော အာဟာရဓာတ် (Recommended Daily Intake RDI) များ ပါဝင်ပါတယ်။

♦   Vitamin B2 ဖြစ်သော Riboflavin ကတော့ RDI 11 % ပါဝင်ပါတယ်။

♦   Vitamin B5 ဖြစ်တဲ့ Pantothenic Acid ကတော့ RDI 6 % ပါဝင်ပါတယ်။

♦   Manganese နှင့် Potassium တွေကတော့ RDI 3 % ပါဝင်ပြီး

♦   Mangnesium နဲ့ Niacin ဓာတ်တွေကတော့ RDI 2 % ပါဝင်ပါတယ်။

          ဒီလူကို အကျိုးပြုစေတဲ့ အာဟာရဓာတ်များ ပါဝင်မှုကတော့ ကော်ဖီတစ်ခွက်ထဲမှာ ပါဝင်နှုန်းဖြစ်ပြီး ရာခိုင်နှုန်းအနည်းစုလို့ ထင်ရပေမယ့် ကော်ဖီသောက်သူအများစုကတော့ တစ်ရက်ကို သုံး၊ လေးခွက်လောက် သောက်ဖြစ်တဲ့အခါ ခန္ဓာကိုယ်က ထိုဓာတ်များကို ပိုမိုရရှိပြီး ကောင်းကျိုးများ ပေးစေပါတယ်။

Coffee_7

(၄)    ကော်ဖီဟာ ဆီးချိုရောဂါအုပ်စု (၂) ကို လျော့ကျစေပါတယ်။

          ဆီးချိုရောဂါ အုပ်စု (၂) ဆိုတာကတော့ လူ့ခန္ဓာကိုယ်တွင်း သွေးချိုများကို တိုက်ဖျက်ပေးတဲ့ အင်ဆူလင်ဓာတ်လျော့နည်းလာမှုကို ဆိုလိုပြီး ထိုအင်ဆူလင် လျော့နည်းလာမှုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများ ရရှိခံစားမှုပါပဲ။ ဒီကြီးမားလှတဲ့ ရောဂါကိုတော့ ယနေ့ လူသန်းပေါင်း (၃ဝဝ) ကျော် ကမ္ဘာတစ်ဝှမ်းလုံးမှာ ခံစားနေရပါတယ်။

          သုတေသန တွေ့ရှိချက်များအရ ကော်ဖီအသောက်များသူတွေမှာ ဒီဆီးချိုရောဂါအုပ်စု (၂) ကို ရရှိနိုင်မှု ၂၃% မှ ၅ဝ % ထိ လျော့နည်းစေပြီး တစ်ခုသော လေ့လာတွေ့ရှိ မှုမှာတော့ ၆၇% ထိ လျော့ပါးစေကြောင်း တွေ့ရှိထားပြီးဖြစ်ပါတယ်။

          ဒါ့အပြင် သုတေသနပေါင်း (၁၈) ခုမှ လူပေါင်း လေးသိန်းခွဲကျော်ကို လေ့လာထားတဲ့အရ တစ်နေ့ကို ကော်ဖီတစ် ခွက်ပဲ သောက်ဦး ဆီချိုရောဂါအုပ်စု (၂) ကို ၇ % လျော့ကျစေကြောင်း တွေ့ရှိပြီးဖြစ်ပါတယ်။

(၅)    ကော်ဖီသည် Alzheimer ရောဂါနှင့် Dementia ရောဂါတို့ကို လျော့ကျစေပါတယ်။

          Alzheimer အယ်လ်ဆိုင်းမားရောဂါကတော့ အများစုအားဖြင့် အသက် ၆၅ နှစ်နဲ့အထက် အရွယ်များမှာ အာရုံကြောများ ပျက်စီးယိုယွင်းလာပြီး မှတ်ဥာဏ်ကျလာ၍ Dementia ခေါ် မကြာခဏ မေ့တတ်လာခြင်းပဲ ဖြစ်ပါတယ်။

          ဒီအယ်လ်ဆိုင်းမားရောဂါကိုတော့ ကုသနိုင်တဲ့ ဆေးမရှိသေးပါ။ သို့သော်လည်း ဒီလို မှတ်ဥာဏ်ကျရောဂါကို မဖြစ်လာအောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ ထိရောက်တဲ့ နည်းလမ်းများကတော့ ကျန်းမာစွာ စားသောက်နေထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းနဲ့ ကော်ဖီသောက်ခြင်းတို့ပါပဲ။ သုတေသနတွေ့ရှိချက်များအရ ကော်ဖီသောက်သုံးလေ့ရှိသူများမှာတော့ အယ်လ်ဆိုင်းမားရောဂါ ရရှိနိုင်မှုကို ၆၅% ထိ လျော့ကျစေပါတယ်။

          ကဲ ဒီလောက်ဆိုရင်တော့ ကော်ဖီသောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးများ ပေးနိုင်တယ်ဆိုတာကို သာဓကများ လေ့လာတွေ့ရှိချက်များအရ စာဖတ်သူတွေ့ရှိရမှာပါ။ ဒီလမှာတော့ အထက်ပါ ကော်ဖီသောက်ခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုး (၅) ချက်နဲ့ပဲ နိဂုံးချုပ်မှာဖြစ်ပြီး နောက်လမှာတော့ ကျန်သေးတဲ့ ကောင်းကျိုး (၅) ချက်ကို ဆက်လက်ဖော်ပြသွားပါဦးမယ်။ နောက်တစ်လမတိုင်မီစပ်ကြားတော့ စာရေးသူအနေနဲ့ ကော်ဖီစစ်စစ်ကို နည်းလမ်းမှန်မှန်နဲ့ စာဖတ်သူများ ယုံယုံကြည်ကြည် သောက်သုံးရင်း ကျန်းမာရေးကောင်းကျိုးများကို ရရှိခံစားနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းရင်း နောက်လမှာ ဆက်လက်ဖတ်ရှုကြပါစို့လား။ “Have a Great Coffee Day!” ပါ စာဖတ်ပရိသတ်ကြီးရေ။

Coffee_5

စာရေးသူ

ကိုဇော်ဘုန်း

Head of Coffee Academy, International Barista Competitions Judge, Latte Artist.

ကော်ဖီသင်တန်းကျောင်းနေရာ       

Element Coffee Academy (ECA) & Training Center.

Facebook.com/elementMyanmar

Facebook.com/ElementCoffeeAcademy

၁၀၇ (က)၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။ Ph : 01 524935

Facebook Comments